တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကို လာမယ့်အောက်တိုဘာလလောက်မှာ ကြေညာနိုင်ဖို့ အစိုးရနဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေ ကြိုးစားနေကြတယ်လို့ သိရပါတယ်။
ဒီကိစ္စအတွက် အကြိုဆွေးနွေးပွဲကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ အပစ်ရပ်တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မတီဝင် ဝန်ကြီးတွေ နေပြည်တော်မှာတွေ့ဆုံမယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲကြောင်း ကြေညာနိုင်ခဲ့ပြီဆိုရင် ၂၀၁၄ ခုနှစ် မတ်လလောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေကျင်းပဖို့လည်း အစိုးရဖက်က ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အကြိုဆွေးနွေးပွဲတက်ရောက်ဖို့ ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ RCSS/SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောခွင့်ပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလှ က RFA ကို အခုလိုပြောပါတယ်။
“အောက်တိုဘာလကုန်လောက်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကိစ္စကို ဖြစ်အောင်ဆောင်ရွက်မယ်လို့ အစိုးရဘက်ပိုင်းက ပြောထားပါတယ်၊ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးလုပ်ပြီးရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဆင့်တက်လို့ရပါပြီ၊ အောင်မြင်ပါပြီဆိုတဲ့အကြောင်း ပြောလို့ရပါတယ်၊ အစိုးရကဘက်ပိုင်းကတော့ ၂ဝ၁၄ မတ်လလောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပနိုင်ပါလိမ့်မယ်လို့ သူတို့ကရည်ရွယ်ထားပါတယ်"
ရန်ကုန်အခြေစိုက် မြန်မာငြိမ်းချမ်းရေးစင်တာအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အခုဆိုရင် အဖွဲ့ပေါင်း ၁၄ ဖွဲ့နဲ့ အပစ်ရပ်ရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး၊ KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ PSLA ပလောင် တိုင်းရင်းသား လွတ်မြောက်ရေးတပ်မတော်တို့နဲ့ပဲ အပစ်ရပ်စာချုပ်ချုပ်ဖို့ ကျန်တော့တယ်လို့ သိရပါတယ်။
ဗိုလ်မှူးကြီး စိုင်းလှကို ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။