မျိုးစောင့်ဥပဒေလေးခု ကို ပြင်ဆင်မည်

မျိုးစောင့်ဥပဒေလေးခုကို ၂ဝ၁၇ ခုနှစ်အတွင်း ပြင်ဆင်သွားမယ်လို့ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေး သူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာမြသောင်း က ပြောပါတယ်။

ဒီနေ့ နေပြည်တော်က Horizon Lake View ဟိုတယ်မှာကျင်းပတဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲအပြီးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြသောင်း က ပြောတာဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေပြဌာန်းတဲ့အခါ တည်ဆဲမျိုးစောင့်ဥပဒေတွေနဲ့ ငြိစွန်း မှု ဖြစ်လာနိုင်တယ်လို့ ဒေါက်တာမြသောင်း က ပြောပါတယ်။ ဒါ့အပြင် မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကလည်း မျိုးစောင့်ဥပဒေလေးခု ကို ပြင်ဆင်ဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့ဲတဲ့ ၂၀၁၄ ခုနှစ်မှာ လူပုဂ္ဂိုလ် တစ်သန်းသုံးသိန်းကျော်က လက်မှတ်ရေးထိုးပြီး မျိုးစောင့်ဥပဒေတွေ ရေးဆွဲပြ ဌာန်းဖို့ အစိုးရထံ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မျိုးစောင့်ဥပဒေလေးခုနဲ့ ပတ်သက်ပြီး အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာက ကန့်ကွက် ခဲ့ကြပေမယ့် ၂၀၁၅ ခုနှစ်မှာ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေတို့ကို ပြဌာန်းခဲ့ပါတယ်။