သဘာဝဘေးအန္တရာယ်ကြောင့် ဘဏ္ဍာရေး ထိခိုက်နိုင်

တောင်အာရှဒေသမှာ အပူပိုင်း မုန်တိုင်းတွေ ရေလွှမ်းမိုးတာတွေကြောင့် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးလာနေတဲ့ နိုင်ငံ ၁၀ နိုင်ငံဟာ ဘဏ္ဍာရေး ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း Maplecroft ခေါ် ဘေးအန္တရာယ် လေ့လာရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။

အဲဒီ စာရင်းထဲမှာ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ မြန်မာ၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့ ပါဝင်ကြပါတယ်။ အထူးသဖြင့် မြို့ကြီးတွေနဲ့ စီးပွားရေး အချက်အခြာ နေရာတွေဟာ ရာသီဥတု ပြောင်းလဲတဲ့ဘေးဒဏ်ကို အဓိက ခံစားရဖွယ် ရှိတဲ့အပြင် သဘာဝဘေးဒဏ် ခံစားခဲ့ရပြီးတဲ့ နောက်မှာလည်း ပြန်လည် ထူထောင်ရေးတွေ ဆောင်ရွက်နိုင်စွမ်း နိမ့်ကျတဲ့ဒဏ်ကို ဆက်လက် ခံစားကြရလိမ့်မယ် လို့လည်း ဖော်ပြထားပါတယ်။

ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ထိုင်ဝမ်နဲ့ မက္ကဆီကို နိုင်ငံတွေဟာလည်း သဘာဝဘေး အန္တရာယ် ကျရောက်နိုင်ခြေ အဆင့်အမြင့်ဆုံး စာရင်းထဲမှာ ပါဝင်ကြပေမဲ့ စီးပွားရေးအင်အား၊ သန်စွမ်းတဲ့အစိုးရ၊ ခိုင်မာတဲ့ စည်းမျဉ်းဥပဒေတွေနဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိတာကြောင့် အန္တရာယ် ကြုံရတဲ့အခါ မြန်မြန်ဆန်ဆန် ပြန်လည် ကုစားနိုင်စွမ်း ရှိကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လအတွင်း ဗြိတိန်နဲ့ အမေရိကန် သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က ရာသီဥတု ပြောင်းလဲမှုကြောင့် ပြင်းထန်တဲ့ သဘာဝဘေးတွေ ပေါ်ပေါက်လာနိုင်ခြေ အခွင့်အလမ်း ပိုပြီး မြင့်မား လာကြောင်း တွေ့ရှိခဲ့ကြပြီးတဲ့နောက် Maplecroft အဖွဲ့ရဲ့ သတိပေးချက် ထွက်ပေါ်လာခဲ့တာပါ။

သဘာဝဘေးကြောင့် စီးပွားရေး ထိခိုက်မှုအပြင် လူမှု မငြိမ်သက်တာတွေ၊ စားနပ်ရိက္ခာ ပြဿနာ၊ အကျင့်ပျက် ခြစားမှု၊ နိုင်ငံရေး အကြပ်အတည်း စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပေါက်ပေါက် လာနိုင်တယ်လို့လည်း Maplecroft အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။