မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ အရင်းအမြစ် စီမံခန့်ခွဲနိုင်မှု အခြေအနေဟာ အနိမ့်ဆုံးအဆင့်မှာရှိနေတယ်လို့ သယံဇာတဝင်ငွေ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာက ဖေါ်ပြလိုက်တာပါ။
RWI အဖွဲ့ဟာ သဘာဝသယံဇာတကြွယ်ဝပေမဲ့ ဆင်းရဲမွဲတေ၊ အကျင့်ပျက်ခြစားမှုထူပြောပြီး ပြည်တွင်းစစ်ပွဲတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ အစိုးရတွေက တိုင်းပြည်သယံဇာတတွေကနေ ဝင်ငွေတွေရရှိနေပုံနဲ့ အဲဒီဝင်ငွေတွေကို ဘယ်လိုသုံးစွဲနေသလဲဆိုတာ စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့ဖြစ်ပါတယ်။
တချိန်တည်းမှာ ရေနံ၊ ဓါတ်ငွေ့၊ ဓါတ်သတ္တုစတဲ့ သယံဇာတတွေကို ပြည်သူတွေအတွက် ထိထိရောက်ရောက်၊ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ယုံကြည်စိတ်ချရတဲ့ စီမံခန့်ခွဲဆောင်ရွက်နိုင်အောင် ကူညီပံ့ပိုးနေတဲ့အဖွဲ့ဖြစ်ပါတယ်။
အဲဒီ RWI အဖွဲ့ရဲ့ အစီရင်ခံစာမှာ နော်ဝေးနိုင်ငံကနေ မြန်မာနိုင်ငံအထိ သယံဇာတကြွယ်ဝတဲ့ နိုင်ငံ ၅၈ နိုင်ငံရဲ့ သယံဇာတရှာဖွေထုတ်ယူရေးလုပ်ငန်းတွေ စီမံခန့်ခွဲမှုတွေကို လေ့လာတိုင်းတာထားပါတယ်။
အဲသလို တိုင်းတာရာမှာ ဖွဲ့စည်းမှုဆိုင်ရာနဲ့ ဥပဒေဆိုင်ရာ တည်ဆောက်မှု၊ အစီရင်ခံမှု အလေ့အထ၊ လုံခြုံရေးနဲ့ အရည်အသွေးထိန်းချုပ်မှု၊ ပတ်ဝန်းကျင်ရေးရာဆိုတဲ့ အချက် ၄ ချက်အပေါ် မူတည်တိုင်းတာခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အဲဒီအချက် ၄ မျိုးစလုံးမှာ အဆင့် ၅၇ နဲ့ ၅၈ နေရာတွေမှာသာရှိနေပြီး၊ နိုင်ငံ ၅၈ နိုင်ငံစာရင်းရဲ့အောက်ဆုံးမှာရှိနေပြီး စာရင်းရဲ့ထိပ်ဆုံးပိုင်းမှာတော့ နော်ဝေ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတေးလျ၊ ဘရာဇီးတို့ရှိကြပါတယ်။ ဒီအကြောင်းကို RFA အဖွဲ့သား ဦးသစ်ဆင်းက ကောက်နှုတ်တင်ပြမှာပါ။