သမ္မတထံစာရေးလို့ ရေတပ်သားတစ်ဦး ထောင်တစ်လကျ

တပ်မတော်သားတွေရဲ့အကျပ်အတည်းတွေကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့တဲ့အတွက် အချုပ်တစ်လ ချခံခဲ့ရတယ်လို့ သံလျင်ရေတပ်စခန်းက ရေတပ်တပ်သား ကိုသူရိန်က အဖြစ်အပျက်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွင့်ဟဝန်ခံခဲ့ပါတယ်။

တပ်မတော်သားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်ထံ စာရေးသားတင်ပြခဲ့တဲ့အတွက် ကိုသူရိန်ကို နိုင်ငံရေးလုပ်တယ်ဆိုပြီး စခန်းမှူး ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက အချုပ်ချခဲ့ပါတယ်။

ရေတပ်သား ကိုသူရိန်က အခုလိုပြောပြပါတယ်။

“ဒုတိယဗိုလ်မှူးကြီးတွေ ထိုင်ခိုင်းပြီးတော့ ငါမေးမယ်တဲ့။ မင်း ဘာလုပ်မလဲတဲ့။ မင်းက ရဲဘော်တဲ့။ ဒုတိယ ဗိုလ်မှူးကြီး ပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာက အရာရောက်မယ်ထင်သလဲ။ မင်းလည်း ပြောချင်ရာပြော၊ ငါတို့လည်း ရေးချင်သလိုရေးပြီး အမိန့်ချချင်သလို ချမယ်တဲ့။ ငါတို့က ဒုတိယ ဗိုလ်မှူးကြီးတွေ၊ မင်းကို ထောင်အနှစ် ခုနစ်ဆယ်လောက် ချပစ်လို့ရတယ်တဲ့။ နိုင်ငံရေးလုပ်လို့တဲ့”

သူအချုပ်က လွတ်လာပြီးတော့ သင်္ဘောမှာပဲ ပြန်ထားခဲ့ပါတယ်။ အဲဒီနောက် ဒဏ်ရာရတဲ့အတွက် သံလျင်ရေတပ်စခန်း ဆေးရုံမှာ ဆေးကုသခံခဲ့ပြီး လွန်ခဲ့တဲ့ရက်က ဆေးရုံကဆင်းလာခဲ့ကြောင်း ပြောဆိုပါတယ်။ အဲဒီနောက် ကိုသူရိန်ဟာ အန်အယ်လ်ဒီဌာနချုပ်ကို လာရောက်ပြီး မိမိတို့အကျပ်အတည်းတွေကို ပြောဆိုခဲ့သလို တပ်မတော် အရာရှိဟောင်းတစ်ဦးထံမှာလည်း အဖြစ်အပျက်တွေကို ဖွင့်ဟထွက်ဆိုခဲ့ပါတယ်။

သံလျင် သီလဝါ ရေတပ်စခန်း လူနေအိမ်ရာတွေအတွင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ချိတ်ဆွဲခြင်းမပြုဖို့ စခန်းတာဝန်ရှိသူ ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက တားမြစ်ခဲ့တယ်လို့ ရေတပ်သားသူရိန်ကပြောပါတယ်။

လောလောဆယ် ကိုသူရိန်ရဲ့နောက်ဆုံးအခြေအနေကို မသိရသေးပေမယ့် ဖမ်းဆီးအရေးယူခံမှာကို စိုးရိမ်ပူပန်နေကြောင်း သူ့မိတ်ဆွေတစ်ဦးက ပြောဆိုပါတယ်။ ကိုသူရိန်ရဲ့ ဖွင့်ဟထွက်ဆိုချက်တွေဟာ မနေ့ကစပြီး အင်တာနက် စာမျက်နှာတွေမှာ ပျံ့န့ှံနေပါတယ်။