အရေးကြီး နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်စေလိုကြောင်း နေဘုန်းလတ် ပြော

ဖားအံအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရဆဲ ဖြစ်တဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်က လောလောဆယ် သူ မလွတ်မြောက်သေးပေမယ့် တခြား ထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ အရင် လွတ်မြောက်ဖို့ လိုလားကြောင်း ပြောဆိုလိုက်ပါတယ်။

ကရင်ပြည်နယ် ဖားအံ အကျဉ်းထောင်မှာရှိတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကို မကြာခင်က ထောင်ဝင်စာ သွားရောက် တွေ့ဆုံစဉ်မှာ အဲဒီလို ပြောဆိုလိုက်တာ ဖြစ်တယ်လို့ မိခင်ဖြစ်သူ ဒေါ်သန်းအေး က RFA ကို ပြောပါတယ်။

ကိုနေဖုန်းလတ်ဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အပြီး ၂ဝဝ၈ ခုနှစ်အတွင်းမှာ အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ် အနှစ် ၂ဝ ကျော် ချမှတ်ခံခဲ့ရပါတယ်။

အဲဒီနောက် အယူခံ ဝင်ခဲ့ရာမှာ ပြစ်ဒဏ်ကို ၁၂ နှစ်အထိ ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပြစ်ဒဏ် (၁) နှစ် လျှော့ပေါ့ခံရပြီး ဖားအံ အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။