ဦးနေမျိုးဇင်ရဲ့အမှုဟာ ဥပဒေကြောင်းအရ ဖြေရှင်းရ မယ့် ပြဿနာတစ်ခုဖြစ်


2013.05.10

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ပြစ်မူကြွေးကျန် ပုဒ်မ ၄ဝ၁(၁) နဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ ၁ဝ လချမှတ်လိုက်တာဟာ ဥပဒေကြောင်းအရ ဖြေရှင်းရမယ့် ပြဿနာတစ်ခုဖြစ်တယ်လို့ ဦးနေမျိုးဇင်ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ပြန်လွတ်ပေးလိုက်တာကို ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ပြန်ဖမ်းတယ်ဆိုတာ မဆီလျော်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ဒီဥပဒေပြဿနာဟာ ဦးနေမျိုးဇင်တစ်ဦးတည်းရဲ့ ပြဿနာ မဟုတ်တော့ဘဲ၊ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူအားလုံးနဲ့ သက်ဆိုင်နေတယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“တရားရုံးရှေ့ပြန်ခေါ်ပြီးတော့ ခုခံချေပခွင့်ကို ပေးသင့်တယ်ပေါ့၊ အသရေဖျက်မှုတစ်ခုအတွက် ဒဏ်ငွေဆောင်ရလို့ အရင်ပြစ်ဒဏ်ဟောင်းကို ပြန်ပြီးတော့ကျခံရမယ်ဆိုရင် အရပ်ထဲမှာ ကိုယ့်ကိုသူများကလာပြီး ပါးရိုက်မယ်၊ အပြန်အလှန်ဖြစ်လို့ ဒဏ်ငွေဆောင်ရရင်ရော၊ ဥပမာ ဧည့်စာရင်းမတိုင်လို့ ဒဏ်ငွေဆောင်ရရင်ကော ၄ဝ၁ နဲ့ ပြန်ခံရမှာလား  ”

ဒီအမှုနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ချုပ်အထိ တင်ပြဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့လည်းပြောပါတယ်။

ဦးနေမျိုးဇင်ကို ပန်းတနော်ရဲစခန်းက အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပြီးတဲ့နောက်၊ ဧပြီလ ၂ ရက်နေ့မှာ  ဒဏ်ငွေကျပ် ၂ သောင်း ဒါမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချခဲ့ပါတယ်။ ဦးနေမျိုးဇင်က ထောင်ဒဏ်ကို ခံယူလိုက်စဉ်အတွင်း၊  ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ပုဒ်မ ၄ဝ၁ (၁) အရ အရင်ပြစ်မှုဟောင်းနဲ့ ထောင်ဒဏ် ၆ နှစ် ကျခံရမှာဖြစ်ကြောင်း ချမှတ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။