ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အရင်အမှုဟောင်းအတိုင်း ပြန်လည်ကျခံဖို့ ထောင်ဒဏ် ၆ နှစ် နဲ့ ၁၀ လအမိန့် ချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အသရေဖျက်မှုနဲ့ အခုရက်ပိုင်းအတွင်း ပန်းတနော်တရားရုံးက ဒဏ်ငွေ ကျပ် ၂ သောင်း ပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင် မှာ ထောင်ဒဏ်ကျခံနေတာ ဖြစ်ပါတယ်။
ဒီနေ့ညနေ ၄ နာရီမှာ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက အကျဉ်းထောင်အတွင်း ရောက်ရှိ လာပြီး အရင်ပြစ်မှုဟောင်းကို ပြန်လည်ကျခံဖို့ အမိန့်စာလာရောက်ဖတ်ကြားခဲ့တယ်လို့ ဦးနေမျိုးဇင်ရဲ့ ညီဖြစ်သူ ဦးခင်မောင်ထွေးက ပြောပါတယ်။
“ပြည်ထဲရေးဝန်ကြီး ဦးကိုကိုရဲ့အမိန့်နဲ့ပေါ့ဗျာ၊ ပထမကျခံခဲ့ရတဲ့ ပြစ်ဒဏ်ထဲကနေပြီးတော့ ၆ နှစ် ကျခံစေဆိုပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်း အမိန့်စာလာဖတ်သွားတယ်လို့ ပြောပါတယ်၊ မအူပင်ထောင်ထဲကို လာဖတ်သွားတာပါ၊ ထောင်ရဲ့အရာရှိတစ်ဦးကနေလာပြီးတော့ ရှေ့နေရှိပါ သလားလို့မေးတယ်၊ ရှေ့နေကလည်း ဒီနေ့ကျနော်တို့ပါမလာတဲ့အတွက်ကြောင့်မို့ မိသားစုဝင်တွေ ပဲ နောက်ဆုံးသွားတွေ့လာခဲ့ပါတယ်”
ဦးနေမျိုးဇင်ဟာ ပန်းတနော်ဒေသခံ လယ်သမားတွေအတွက် အကူအညီပေးရင်း အဖမ်းခံခဲ့ရတာဖြစ်တဲ့အတွက် အမှုကနေ ပြန်လည်လွတ်မြောက်ဖို့ တောင်သူ ၁၀၀ ကျော်က ဒီကနေ့ပန်းတနော်တရားရုံးမှာ ဒဏ်ငွေပေးဆောင်ခဲ့ကြပြီး၊ သူ့ကိုလွှတ်ပေးမယ် ပြောလိုက်တဲ့အတွက် အကျဉ်းထောင်ရှေ့မှာ ၄ နာရီကြာ သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။
ဦးနေမျိုးဇင်ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ရှေ့နေတွေနဲ့ တိုင်ပင်ပြီး တရားဥပဒေအရ အယူခံဝင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ၂၀၁၁ ခုနှစ်အတွင်းက အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက်၊ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ရဲ့ ညီဖြစ်သူ ဦးခင်မောင်ထွေးကို RFA သတင်းထောက် မအိအိခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။