နေပြည်တော်ကောင်စီနယ်မြေ အုပ်ချုပ်ရေးပုံစံ ပြောင်းလဲမည်

ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ နေပြည်တော်ကောင်စီနယ်မြေရဲ့ စီမံအုပ်ချုပ်မှုပုံစံတွေ ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ပြင်ဆင်ပြောင်းလဲဖို့တွေရှိနေပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးမင်းသူက ပြောပါတယ်။

"နေပြည်တော်ကောင်စီကလည်း တချို့နေရာတွေက အစိုးရသက်တမ်း ၅ နှစ်ကာလမှာ ပြည်သူတွေကို အကျိုးပြုတာ နည်းပြီးတော့မှ ပြည်သူတွေကို နှိပ်စက်တာများခဲ့တယ်၊ ဒီအပေါ်မှာလည်း ကျနော်တို့က အမြဲတမ်းထောက်ပြခဲ့တယ်၊ ဥပဒေနဲ့အညီ ဆောင်ရွက်တာမဟုတ်ပဲနဲ့ အမိန့်သြဇာတွေနဲ့ ဆောင်ရွက် တဲ့ပုံစံပေါ့လေ၊ ဒီပုံစံမျိုးကတော့ မလွှဲမသွေပြောင်းမယ်လို့ ကျနော် ယူဆပါတယ်၊ တရားရုံကနေပြီးတော့မှ လွတ်လပ်တဲ့ တရားစီရင်မှုမဟုတ်ပဲနဲ့ အဲ့ဒီ နေပြည်တော် စည်ပင်သာယာရေးကော်မတီရဲ့ လက်အောက် ခံတွေနဲ့လုပ်ပြီးမှ မြေသိမ်းမှုတွေ၊ မှန်မှန်ကန်ကန် ဆုံးဖြတ်တာမရှိဘူး၊ အဲ့ဒီကိစ္စမျိုးတွေကတော့ လာမယ့် စည်ပင်သာယာရေးကော်မတီ နေပြည်တော်ကောင်စီ အုပ်ချုပ်မယ့်အဖွဲ့အစည်း ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်အောင် ကျနော်တို့ အရင်ဆုံး တွန်းအားပေးပြီးတော့မှ ထောက်ပြသွားမှဖြစ်ပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးမင်းသူကို နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဌ တာဝန်ထမ်းဆောင်ဖို့ လျာထားချက်တွေရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်နေပြီး ဒီသတင်းနဲ့ပတ်သက်လို့ အတည်မပြုနိုင်သေးဘူးလို့ ဦးမင်းသူက ပြောပါတယ်။

ဦးမင်းသူဟာ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ နေပြည်တော်ကောင်စီနယ်မြေထဲက ဥတ္တရသီရိမြို့နယ်ရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နေပြည်တော်ကောင်စီနယ်မြေရဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်ရှိသလို လုံခြုံရေးရာကိစ္စတွေကို တာဝန်ယူဆောင်ရွက်နိုင်ဖို့ ကောင်စီအဖွဲ့ဝင်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီမှာ အမည်စာရင်းရယူရမယ်လို့လည်း ပြဌာန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတက နေပြည်တော်ကောင်စီနယ်မြေအတွင်းက မြို့နယ်နဲ့ခရိုင်တွေကို လိုအပ် သလို ပြောင်းလဲနိုင်တယ်လို့လည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနဲ့ လယ်ဝေးမြို့နယ်တွေ ပါဝင်ပါတယ်။