ငြိမ်းချမ်းရေးညီလာခံ တိုင်းရင်းသားပါတီအားလုံး ဖိတ်ဖို့ NBF တောင်းဆို


2016.06.01
nbf-620.jpg ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းရဲ့(၂၆)ကြိမ်မြောက် အစည်းအဝေးကို မေလ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: Nationalities Brotherhood Federation - NBF (Facebook)

၂၁ ရာစု ပင်လုံညီလာခံ ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တိုင်းရင်းသားနိုင်ငံရေး ပါတီအားလုံး ပါဝင်ခွင့်ပေးဖို့ ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း NBF အဖွဲ့က မနေ့က ကြေညာချက်ထုတ် ပြီး တောင်းဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပါဝင်ခွင့်မရရင် မျှတတဲ့ညီလာခံဖြစ်မှာ မဟုတ်တဲ့ အတွက် အားလုံးပါဝင်ခွင့်ရအောင် တောင်းဆို တာဖြစ်တယ်လို့ NBF အဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဌ ဦးမန်းအောင်ပြည်စိုး က ပြောပါတယ်။

"NCA ကို ပြန်ကြည့်လိုက်တဲ့အခါကျေျတာ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနဲ့ တရားဝင်နိုင်ငံရေးပါတီများ ပါရမယ်ဆိုပြီးတော့ ထည့်ထားတာ ရှိတယ်၊ အဲ့ဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ပေါ့၊ အခုအနိုင်ရပါတီတွေ တော်တော်များများဟာ တိုင်းရင်းသား ပါတီတွေ မဟုတ်ဘူး၊ ရခိုင်နဲ့ ရှမ်းလောက်ပဲရှိတာပေါ့၊ ကျန်တာတွေကတော့ ဗမာပါတီတွေ၊ အခုဟာက ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်မယ်ဆိုတော့ တိုင်းရင်းသားကို ကိုယ်စားပြုတဲ့ပါတီတွေမပါဘဲနဲ့ တိုင်းရင်းသားတွေ အသံကို ဘယ်လိုလုပ်ကြားနိုင်မလဲ၊ ဒီပင်လုံညီလာခံဟာ အဲ့လိုအနေအထားမျိုးဆို မမျှတဘူး မသင့်လျော်ဘူး ဆိုပြီးတော့ အဲ့ဒီကြေညာချက်ကို ထုတ်လိုက်တာပဲ၊ အားလုံးပါသင့်တယ်ဆိုတဲ့ သဘောမျိုးပေါ့"

NBF အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကြေညာချက် ထုတ်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ပြင်ဆင်ဖွဲ့စည်းရာမှာ နိုင်ငံရေးပါတီအားလုံးကို ပါဝင်ခွင့်မပြုတော့ဘဲ လွှတ်တော်တစ်ခုခုမှာ အနည်းဆုံး ကိုယ်စားလှယ်တစ်နေရာ ရရှိထားတဲ့ ပါတီကိုသာ ပါဝင်ခွင့်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ကိုယ်စားလှယ်တစ်ဦးမှ အနိုင်မရထားတဲ့ နိုင်ငံရေးပါတီတွေက အရပ်ဘက်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ဖိုရမ်သဘော မျိုး ဆွေးနွေးပွဲကျင်းပဖို့၊ အဲ့ဒီဆွေးနွေးပွဲကနေ ရရှိလာတဲ့ အကြံပြုချက်တွေကို နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြန်လည် တင်ပြဖို့လည်း ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့တွေနဲ့အတူ ဆွေးနွေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေကို လက်မခံနိုင်ဘူးလို့ ဦးမန်းအောင်ပြည်စိုး က ပြောပါတယ်။

NBF ရဲ့ ထုတ်ပြန်ချက်မှာ တစ်နိုင်ငံလုံးက တိုင်းရင်းသား နိုင်ငံရေးပါတီ ၅၆ ပါတီပါဝင်တဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီများ ညီလာခံ ကျင်းပဖို့ စီစဉ်နေကြောင်း၊ တိုက်ပွဲတွေ ရပ်ဆိုင်းပေးဖို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေ မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

NBF အဖွဲ့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အင်းအမျိုးသားဖံ့ွဖြိုးတိုးတက်ရေးပါတီ စတဲ့ တိုင်းရင်းသားပါတီ ၂၃ ပါတီ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။