NCA အပစ်ရပ်စာချုပ် လွှတ်တော်မှာတင်သွင်း


2015.12.01
pyitaungsu-hluttaw-620 ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေပုံ
Photo: RFA

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ်ကို လွှတ်တော်က အတည်ပြုပေးဖို့ အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့တာကို သမ္မတကိုယ်စား ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ ပါတယ်။

အစိုးရဟာ NCA စာချုပ်ကို အပစ်ခတ်ရပ်စဲရေး ခိုင်မာစေဖို့၊ အာမခံချက်ရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်အကောင် အထည်ဖော်နိုင်ဖို့ နဲ့ နောင်တက်လာမယ့် အစိုးရ အနေနဲ့ ငြိမ်းချမ်းလုပ်ငန်းစဉ်တွေကို လက်ဆင့်ကမ်းသယ်ဆောင် သွားနိုင်အောင် အုတ်မြစ်ချဖို့ ဆိုတဲ့ ရည်ရွယ်ချက် ၃ချက်နဲ့ အကောင်အထည်ဖော် ခဲ့တာဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက တင်ပြခဲ့ပါတယ်။

"ကျနော်တို့အစိုးရအနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် NCA ကိုညှိနှိုင်းရာမှာ ရည်ရွယ်ချက် ၃ ခုကိုအခြေခံနိုင်ခဲ့ပါတယ်၊ နံပါတ် ၁ အပစ်အခတ်ရပ်စဲရေးခိုင်မာစေရေး၊ နံပါတ် ၂ အာမခံချက်ရှိသော နိုင်ငံရေးဆွေးနွေးပွဲများ စတင်အကောင်အထည်ဖော်နိုင်ရေးနဲ့ အမှတ်စဉ် ၃ နောင်အစိုးရ တက်လာတဲ့အခါမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ဆင့်ကမ်းသယ်ဆောင်သွားနိုင်အောင် အုတ်မြစ်ချရေးဆိုတဲ့ရည်မှန်းချက် ၃ ခုဖြစ်ပါတယ်၊ နောင်အစိုးရ တက်လာတဲ့အခါမှာလည်း NCA မှာချမှတ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးခိုင်မာစေရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေးတို့ကို အကောင်အထည်ဖော်ရမှာ ပဲဖြစ်ပါတယ်"

ပြီးခဲ့ဲတဲ့အောက်တိုဘာလ ၁၅ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် ဒီကေဘီအေ၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့ ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ပေးပို့တဲ့ NCA စာချုပ်ကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးအတည်ပြုပေးရဖြစ်ပြီး ပါဝင်ဆွေးနွေးမယ့်ကိုယ်စားလှယ်တွေက လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့ နောက်ဆုံးထားပြီး နာမည်စာရင်းပေး ဖို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တိုက်တွန်းခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။