ပန်ခမ်းညီလာခံ စတင်ကျင်းပ


2017.02.22
pansang-622.jpeg ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသက ပန်ဆန်းမြို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ခမ်းမှာ ဒီနေ့ စတင်ကျင်းပတဲ့ NCA မှာ အပစ်ရပ် လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေး ပထမနေ့မှာ တက်ရောက်လာတဲ့ အဖွဲ့အသီးသီးက နိုင်ငံရေးစာတမ်းတွေ ဖတ်ကြားတင်ပြ ခဲ့ကြပါတယ်။

ဒီနေ့ အစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက သူတို့ရဲ့ ရပ်တည်ချက် နိုင်ငံရေးစာတမ်းတွေကို တင်ပြကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်နေတဲ့ TNLA တအာင်းပလောင် အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကေျာ် က ပြောပါတယ်။

"ဒီနေ့ ပထမနေ့က တက်လာတဲ့ အဖွဲ့အစည်းအသီးသီးက အကုန်လုံး သူတို့ရဲ့ နိုင်ငံရေးစာတမ်းတွေ တင်သွင်းလာတဲ့ ဒီနေ့ ပထမနေ့ ကပြီးသွားပါပြီ။ တက်လာတဲ့ အဖွဲ့က ၇ ဖွဲ့ပေါ့။ ဒါပေမယ့် မွန်ပြည်သစ်ပါတီနဲ့ ကရင်နီ KNPP ကတော့ သူတို့ရဲ့ စာတမ်းပဲ ပို့လာတယ် ။ သူတို့ နှစ်ဖွဲ့ဟာတော့ စာတမ်းပဲ ဖတ်တာပေါ့"

အစည်းအဝေးကို ဒီနေ့ကနေ ဖေဖော်ဝါရီလ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲမှာ ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေ နဲ့ ရပ်တည်ချက်တွေကို တက်ရောက်လာတဲ့ အဖွဲ့တွေက တင်ပြဆွေးနွေးကြမယ်လို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ တတိယအကြိမ် ပန်ခမ်းထိပ်သီးအစည်းအဝေးကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အစည်းအဝေး ကျင်းပရေး အတွင်းရေးမှူးအဖွဲ့က ထုတ်ပြန်သွားမှာဖြစ်တဲ့အတွက် လတ်တလော ပြောကြားလို့ မရသေးဘူးလို့ ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောပါတယ်။

တတိယအကြိမ် ပန်ခမ်းထိပ်သီးဆွေးနွေးပွဲကို ဝ နဲ့ မိုင်းလား အဖွဲ့တို့က ပူးတွဲကျင်းပတာဖြစ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့KIO၊ တအာင်း ပလောင်အဖွဲ့ TNLA၊ ကိုးကန့်အဖွဲ့ MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရခိုင်တပ်မတော် AA စတဲ့ အဖွဲ့တွေက ခေါင်းဆောင် တွေ တက်ရောက်ကြပြီး ကရင်နီ တိုးတက်ရေးပါတီ KNPP နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့က တက်ရောက်နိုင်ခြင်းမရှိပေမယ့် သူတို့အဖွဲ့အစည်းတွေရဲ့ စာတမ်းတွေကို ပေးပို့ခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆောင်တွေဟာ လာမယ့် မတ်လ ၁ ရက်နေ့ မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။