နိုင်ငံရေးဆွေးနွေးပွဲ အတွက် ပြင်ဆင်ဖို့ NCCT ဆွေးနွေးဆုံးဖြတ်

ကရင်ပြည်နယ် လော်ခီးလာမှာကျင်းပမယ့် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးရင်၊ ဆက်လက် ဖြတ်ကျော် ရမယ့် နိုင်ငံရေးဆွေးနွေးပွဲ အခက်အခဲတွေအပါအဝင်၊ စည်းစနစ်ကျဖို့ မူဘောင်ရေးဆွဲ တင်ပြသွားမယ်လို့ NCCT ခေါင်းဆောင်တွေ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာကျင်းပပြီး ဒီနေ့ ပြီးဆုံးသွားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင် ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT အစည်းအဝေး မှာ အစိုးရနဲ့ တစ်နှစ်ခွဲကြာ ဆွေးနွေးခဲ့တာတွေအပေါ် ရလဒ်ကောင်းတွေနဲ့ အခက်အခဲတွေကို ပြန်လည် သုံးသပ်ပြီး တိုင်းရင်းသား ထိပ်သီးအစည်းအဝေးမှာ အစီရင်ခံဖို့ ဆုံးဖြတ်ခဲ့ကြောင်း NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ ကပြောပါတယ်။

"ကောင်းတဲ့ဘက်လည်းရှိသလို ပြေလည်မှု ကောင်းကောင်းမရှိသေးတဲ့ အပိုင်းလည်းတွေလည်း ရှိပါတယ်၊ ရလဒ်ကောင်းတယ်ဆိုတဲ့ဟာကတော့ ဟိုတစ်ချိန်တုန်းကတော့ ဒီလိုနိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်ဖို့ပေါ့လေ တစ်ချိန်မှမရှိခဲ့ဖူးဘူး ကျနော်တို့နိုင်ငံသမိုင်းမှာ၊ အခုကတော့ နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းနိုင်ဖို့အဆင့်အထိ ကို ကျနော်တို့ကတော့ ညှိနှိုင်းနိုင်ခဲ့တဲ့အပေါ်မှာ ယေဘုယျအားဖြင့်တော့ ဒါကကောင်းတဲ့အလားအလာပါနော်၊ ဒါပေမဲ့ အမြင်မတူတဲ့အပိုင်းတွေ အများကြီးရှိသေးတယ်၊ နိုင်ငံရေးဆွေးနွေးတဲ့အခါကျရင်တော့ အခက်အခဲတွေ အများကြီးရှိသေးတယ်၊ ဖြတ်ကျော်ရမယ့် အခက်အခဲတွေ အများကြီးရှိသေးတယ်"

NCCT အဖွဲ့အနေနဲ့ လာမည့် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေချမှတ်ထားတာနဲ့ ပတ်သက်ပြီး ဦးနိုင်ဟံသာ က အခုလို ဆက်ပြောပါတယ်။

"ဘယ်လိုမျိုးပြုစုထားလဲဆိုတော့ ကျနော်တို့ကတော့ ဒီနိုင်ငံရေးဆွေးနွေးတဲ့နေရာမှာ အုပ်စုဘယ်နှစ်စုပုံစံနဲ့လဲ ၊ နောက်အဲ့ဒီဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေကတော့ ဘယ်လိုအခွင့်အာဏာမျိုးရှိမလဲ စသည်ဖြင့်ပေါ့လေ ဘယ်လိုဘယ်အချိန်စသည်ဖြင့်ပေါ့၊ အဓိက နိုင်ငံရေးဆွေးနွေးပွဲကို စည်းစနစ်တကျနဲ့ ဘယ်လိုနည်းနဲ့ လုပ်သွားမလဲဆိုတာ"

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချူပ် မူကြမ်း အတည်ပြုနိုင်ဖို့ ကျင်းပမယ့် လော်ခီးလာ ညီလာခံကို လာမယ့် ဇွန်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အဲ့ဒီညီလာခံကို ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NSAA-ESS မိုင်းလားတပ်ဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့ တက်ရောက်မှာမဟုတ်ကြောင်း အကြောင်းပြန်ထားတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။