အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ NCCT ချင်းမိုင်မှာ ဆွေးနွေးပွဲစတင်


2013.11.26
ncct-305.jpg NCCT အဖွဲ့ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ပဒိုစောကွယ် ထူးဝင်း(ဝဲဘက်)နှင့် အဖွဲ့ ဒုဥက္ကဌ (၂) ဗိုလ်ချုပ်ဂွမ်မော် (ယာဘက်)တို့ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပတဲ့ ဆွေးနွေးပွဲတွင် တွေ့ရစဉ်
photo: RFA/ Myo Zaw Ko

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဖွဲ့စည်းခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ ဟာ ဒီကနေ့မနက်ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အပစ်အခတ်ရပ်စဲရေး မူဘောင်ဆိုင်ရာအချက်တွေကို စတင်ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ရက်ကြာကျင်းပမယ့် အဲဒီဆွေးနွေးပွဲမှာ လိုင်ဇာ ညီလာခံကျင်းပစဉ်က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဘုံသဘောထားရပ်တည်ချက်နဲ့ အစိုးရဖက်ကပေးအပ်ထားတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချူပ် (မူကြမ်း) အပေါ် အဓိကဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲပထမနေ့မှာတော့ လိုင်ဇာသဘောတူညီချက်ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဘုံသဘောထားရပ်တည်ချက်  ၁၁ ချက်အပေါ် တစ်ချက်ချင်း အဓိပ္ပါယ်ကောက်ယူမှုအပေါ် အဓိကထားပြီး ထပ်မံဆွေးနွေးခဲ့ကြတယ်လို့ KNU အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ် NCCT အဖွဲ့ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ပဒို စောကွယ်ထူးဝင်းက ပြောပါတယ်။

“အဓိက အခြေခံမူကတော့ ကျနော်တို့မပြင်ဘူးလေ၊ ပြင်လို့မရဘူး၊ ဒါက တိုင်းရင်းသားခေါင်းဆောင်တွေ ချပေးတဲ့အခြေခံမူ ၁၁ ချက်၊ ဒါပေမယ့် ဒီအခြေခံမူရေးတဲ့နေရာမှာ အခြေခံမူကို အဓိပ္ပာယ်ဖော်တဲ့အခါ ပြည့်စုံရဲ့လား၊ မပြည့်စုံရင် ကျနော်တို့ ထပ်ဖြည့်တယ်၊ ပိုတာတွေရှိရင်လည်း အဓိပ္ပာယ်ကောက်လွဲတဲ့ဟာတွေရှိရင်လည်း ကျနော်တို့က ပြန်ပြင်တယ်၊ အထူးသဖြင့်ကတော့ ဒီစစ်ရေးဆိုင်ရာကိစ္စတွေ၊ ဆိုလိုတာက ဒီတပ်ကိစ္စတွေ၊ ဘာဖြစ်လို့လဲဆိုတော့ အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုပြီးတော့ တပ်နေရာချထားမှု ညှိနှိုင်းဆောင်ရွက်ရမယ့်ကိစ္စတွေ၊ ဒီကိစ္စတွေဟာ ရှေ့ဆက်ပြီးညှိနှိုင်းရမယ့်ကိစ္စနဲ့ တချို့တော်တော်များများ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ ဆိုလိုရင်းတော့ရှိတယ်”

လိုင်ဇာသဘောတူညီချက်ဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းအကြား သဘောတူညီချက်စာချုပ်ဖြစ်ပြီး အစိုးရနဲ့ နှစ်ဖက်သဘောတူစာချူပ်ဖြစ်စေဖို့ ရည်ရွယ်တာမဟုတ်တဲ့အတွက် နှစ်ဖက်သဘောတူညီချက်ရရှိလာစေဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ရဲ့ မြစ်ကြီးနားမှာ အဆိုပြုခဲ့တဲ့မူကြမ်းကိုလည်း မနက်ဖြန်မှာ ဆက်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို ချင်းမိုင်မြို့ကနေ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ NCCT အဖွဲ့ ဒုဥက္ကဌ (၂) KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို ချင်းမိုင်မြို့မှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း ချင်းမိုင်မြို့အခြေစိုက် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ ခေါင်းဆောင်တွေဟာ ပြည်တွင်းအခြေစိုက် UNA ညီညွတ်သေ ာတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့တို့ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ UNA  ခေါင်းဆောင် ဦးခွန်ထွန်းဦးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။