တပ်မတော် မူ ၂ ချက်ကြောင့် အခက်တွေ့နိုင်ကြောင်း NCCT ခေါင်းဆောင်ပြော

0:00 / 0:00

0:00 / 0:00

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လိုက်ပါ လုပ်ဆောင်ရေးအပါအဝင် တပ်မတော်ဘက်က စွဲကိုင်ထားတဲ့ မူဝါဒကြောင့် တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲပြီး နောက်ကျင်းပမယ့် နိုင် ငံရေးဆွေးနွေးပွဲတွေမှာ အခက်အခဲပြဿနာတွေ ရှိလာနိုင်တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ဒီကနေ့ ပြောကြား လိုက်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူ (၆) ချက်ထဲ က နိုင်ငံတော်ကချမှတ်ထားသည့် တည်ဆဲဥပဒေတွေကို လိုက်နာရန်ဆိုတဲ့အချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်အညီ လိုက်ပါလုပ်ဆောင်ရန်ဆိုတဲ့ အချက် ၂ ချက်ကို တိုင်းရင်းသားလက်နက်ကိုင် တွေဘက်က လက်မခံတာလို့ ဦးနိုင်ဟံသာ က ပြောပါတယ်။

"တပ်မတော်ကသူတို့အခြေခံမူ ၆ ချက်ကိုအသေ ကိုင်မယ်ဆိုတော့လည်း အများကြီး ကိုအခက်အခဲရှိနိုင်တယ်လေ၊ တကယ်လို့ တည်ဆဲဥပဒေကို လက်ခံ ရင်တော့ ကျနော်တို့နိုင်ငံရေးက ဘာမှပြောဖို့မလိုတော့ဘူးလေ၊ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီလည်းမရှိ ဘူး၊ နောက်တစ်ဖက်ကပြောမယ် ဆိုရင်တော့ တိုင်းရင်းသားတွေ အခွင့်အရေးမရှိဘူး၊ စစ်မှန် တဲ့ပြည်ထောင်စုလည်းမဟုတ်ဘူးဆိုတဲ့အပေါ်မှာ ကျနော်တို့လိုလားတောင်းဆိုနေတဲ့ အခွင့်အရေးတွေဘာမှ မရှိဘဲ ကျနော်တို့ဘက်ကလက်ခံလို့မရဘူး"

လာမယ့် ဧပြီလအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အပြီးသတ် လက်မှတ်ရေးထိုးဖို့ မျှော်လင့်ကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က စာချုပ် မူကြမ်းလက်မှတ်ရေးထိုးပွဲမှာ ပြောခဲ့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ အခုရရှိထားတဲ့ စာချုပ်မူကြမ်းပါ သဘောတူညီချက်တွေကို သက်ဆိုင်ရာ ခေါင်းဆောင် အသီးသီးထံ တင်ပြညှိနှိုင်းရဦးမှာဖြစ်တဲ့အတွက် ဧပြီလထဲမှာ လက်မှတ်ထိုးဖို့ သေချာတပ်အပ် မပြောနိုင်ဘူးလို့ လည်း နိုင်ဟံသာ က ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့ကကျင်းပတဲ့ စာချုပ်မူကြမ်း သဘောတူ လက်မှတ်ရေးထိုးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အပြီးသတ် လက်မှတ်ရေးထိုးပြီးနောက် ၃ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြုလုပ် သွားဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကို RFA ဝိုင်းတော်သူ မသင်းသီရီ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

အခုလို တပ်မတော်ရဲ့ မူဝါဒတွေအတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်မယ်ဆိုရင် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးမှာ အဟန့်အတားဖြစ်စေနိုင်တယ်ဆိုတဲ့ သဘောထားအမြင်တွေနဲ့ပတ်သက်လို့ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ ကိုလည်း နားဆင်နိုင်ပါတယ်။