NCCT ထိပ်သီး ခေါင်းဆောင် များ ရှေ့လအတွင်း တွေ့ဆုံကြမည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့တွေရဲ့ သဘောတူညီချက်ရယူနိုင်ဖို့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးတစ်ရပ် ခေါ်ယူ ကျင်းပသွားဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်များအစည်းအဝေးကနေ ဆုံးဖြတ် လိုက်ကြပါတယ်။

ထိုင်းမြန်မာ နယ်စပ်တစ်နေရာမှာ ၄ ရက်ကြာကျင်းပခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့က ပြီးဆုံးသွားတဲ့ ၁၀ ကြိမ်မြောက် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတာလို့ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက အခုလို ပြောပါတယ်။

"ပြီးခဲ့တဲ့ ဒီလိုင်ဇာနဲ့ လော်ခီးလာ ကွန်ဖရင့်ကနေချမှတ်ထားတဲ့ မူဘောင်ပေါ်မှာ အန်ကယ်တို့ သွားဆွေးနွေးတယ်။ ဆွေးနွေးလို့ နေရာမကျဘူးလေ။ အန်ကယ်တို့ဘက်က တင်ပြတာကတော့ ဒီ အမျိုးသားတန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အန်ကယ်တို့က အဲ့ဒါအနှိမ့်ဆုံး တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက် အခြေခံပေါ့နော်။ အဲ့ဒါကို ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ အပိုင်းကိုလည်း အစိုးရဘက်က လက်မခံဘူး၊ ဖက်ဒရယ်ဆိုတဲ့ဟာကိုလည်း လက်မခံဘူး အဲ့လိုဖြစ်နေတယ်၊ နောက်ပြီးတော့မှ အစိုးရဘက်ကတင်ပြတယ် ဒီလုံခြုံရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့၊ ပူးပေါင်းဖို့ပေါ့ဗျာ၊ အဲ့ဒါကိုလည်း မကျေလည်သေးဘူးဗျ။ ထိပ်သီးခေါင်းဆောင်ကို တင်ပြရမယ်။ တင်ပြပြီးတော့မှ အဆုံးအဖြတ်တွေ ယူရဖို့လိုတယ်ဗျ"

ပြီးခဲ့တဲ့ မေလတုန်းက ရန်ကုန်မြို့ မှာရှိတဲ့ MPC မြန်မာငြိမ်းချမ်း ရေးစင်တာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တွေ့ဆုံဆွေးနွေခဲ့တာတွေကို
ဒီအစည်းအဝေးမှာ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီးနောက် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ မဖြစ်မနေတွေ့ကြဖို့နဲ့ ရှေ့လအတွင်းမှာ တွေ့ဆုံနိုင်ဖို့ ယာယီသတ်မှတ်လိုက်တယ်လို့လည်း သိရပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် မူကြမ်းကိစ္စနဲ့ပတ်သက်ပြီး NCCT က ခေါင်းဆောင်တွေ အစည်းအဝေး ကျင်းပနေချိန်မှာပဲ MPC မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူ သမ္မတ အကြံပေးတစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေနဲ့အဖွဲ့က ဇွန်လ ၁၅ ရက်နေ့မှာ NCCT ခေါင်းဆောင်တွေနဲ့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး ဦးနိုင်ဟံသာက …

"သူတို့ကတော့ ဒီတွေ့ဆုံမှု အနေအထားတွေကို ပြတ်မသွားချင်ဘူး။ ဒီမကြာခင်မှာ ထပ်တွေ့နိုင်ဖို့ အဲ့ဒါကို သူတို့ကလာပြီးတော့ ပြောတာပါ။ အန်ကယ်တို့ကလည်း အဲ့ဒီမှာ ထပ်တွေ့ဖို့ ဆိုတဲ့ဟာက လောလောဆယ် ကတော့ ဒီထိပ်သီးခေါင်းဆောင်တွေကနေပြီးတော့မှ ဒီသဘောထားတွေ မချမှတ်ပေးဘူးဆိုရင် အန်ကယ်တို့ အနေနဲ့ တွေ့ရင်လည်း ဘာမှမထူးဘူးလို့ အဲ့ဒီကြောင့် အန်ကယ်တို့အနေနဲ့ ကတော့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို တစ်ချက်တော့ခေါ်ဖို့လိုမယ်၊ အဲ့သလိုတော့ ပြောလိုက်တယ်။ ဒီကြားမှာရှိရင်လည်း အလွတ်သဘောပဲ ဖြစ်မယ်လေ၊ ဆုံးဖြတ်ပေးနိုင်တဲ့ အစည်းအဝေးကတော့ မရှိနိုင်သေးဘူး"

ဒီအစည်းအဝေးကနေ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်တစ်ခုလုံးရဲ့ အစီရင်ခံစာ တင်ပြနိုင်ဖို့အတွက် ဦးနိုင်ဟံသာ ခေါင်းဆောင်တဲ့ အလုပ်အဖွဲ့တစ်ခုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်မူကြမ်းနဲ့ ပတ်သက်ပြီး ရလာဒ်ကောင်းကျိုး ဆိုးကျိုး တွေ၊ တစ်ဆို့နေမှု အချက်အလက်တွေကို အသေးစိတ်အစီရင်ခံ
တင်ပြနိုင်ဖို့အတွက် ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ အလုပ်အဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးမှာ နိုင်ငံတကာက တတ်သိပညာရှင်တချို့ကို ခေါ်ယူပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို သုံးသပ်ခါ နိုင်ငံတကာက ငြိမ်းချမ်းရေး
ဖြစ်စဉ်တွေရဲ့ နည်းနာတွေကို လေ့လာခဲ့တယ်လို့လည်း သိရပါတယ်။