ပူးတွဲကော်မတီတွေ ဖွဲ့စည်းဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သဘောတူ

0:00 / 0:00

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ဖို့အတွက် စတုတ္ထမြောက်နေ့ ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပိုင်း နှစ်ဖက်ပူးပေါင်းပြီး ပြည်ထောင်စုအဆင့် ပူးတွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး ပူးတွဲကော်မတီဖွဲ့စည်းဖို့ သဘောတူညီခဲ့ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ မှာပြုလုပ်တဲ့ စတုတ္ထမြောက်နေ့ ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်က ဒီနေ့ဆွေးနွေးပွဲအကြောင်း အခုလိုပြောပါတယ်။

"ကျနော်တို့ ပူးတွဲစောင့်ကြည်ရေးကော်မတီ ဖွဲ့မှာဖြစ်ပါတယ်၊ ပြီးလို့ရှိရင် ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပူးတွဲကော်မတီဖွဲ့မှာဖြစ်ပါတယ်၊ ပြီးတော့ တခြားလိုအပ်သော ကော် မတီတွေကိုလည်း ဖွဲ့စည်းမှာဖြစ်ပါတယ်၊ ကျနော်တို့ဖွဲ့စည်းတဲ့ကော်မတီတွေကို တကယ်လို့တစ်ခုခု အခက်အခဲကြုံမယ် ပြဿနာကြုံမယ် ရှေ့တိုးသွားလို့မရတော့ဘူးဆိုရင် အခုကျနော်တို့ NCA လက်မှတ်ရေး ထိုးတဲ့ အဖွဲ့တွေကနေပြီးတော့ တာဝန်ယူတာဝန်ခံပြီးတော့ ပုံမှန်အစည်းအဝေးပုံစံမျိုးနဲ့ ယန္တရားတစ်ခု ကိုလည်း ကျနော်တို့ဖန်တီးထားပါတယ်"

တိုင်းရင်းသားတွေဘက်က တောင်းဆိုနေတဲ့ ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါမှာ လုံခြုံရေးအဆင့် ပြန်လည်ပေါင်းစည်းခြင်းခေါင်းစဉ်နဲ့ ဆွေးနွေးသွားမယ်လု့ိ သဘောတူခဲ့ပါတယ်။

NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက တချို့မီဒီယာတွေထဲမှာဖော်ပြနေသလို တိုင်းရင်းသား လက်နက်ကိုင်တွေ ရဲ့ တပ်တွေကိုဖျက်သိမ်းဖို့ သဘောတူနိုင်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း ၊ တပ်မတော်ဆိုတာ တစ်ခုတည်းရှိရ မယ်ဆိုတာ မူအားဖြင့်လက်ခံပေမယ့် ပြည်နယ်အဆင့်၊ ဒေသအဆင့် တိုင်းရင်းသား လက်နက်ကိုင်တွေထားရှိဖို့ ဆိုလိုတာဖြစ်ကြောင်း ပြောပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေး ဆွေးနွေး ပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်။

မနက်ဖြန်မှာ ကျန်ရှိနေတဲ့အပိုင်းတွေဖြစ်တဲ့ ကြားကာလအစီအစဉ်အပိုင်းမှာ တိုင်းရင်းသားတွေရဲ့ရပ်တည်မူကို အာမခံပေးနိုင်ရေး ၊ မတရားအသင်း ပုဒ်မ ၁၇ နဲ့ ပတ်သက်ပြီး ပြင်ဆင်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေး အပိုင်းတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NCCT က အဖွဲ့ဝင်တွေဟာ ဒီဆွေးနွေးပွဲကရလာတဲ့ အချက်တွေကို တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေထံ တင်ပြသွားမယ်လို့သိရပြီး ဒီတစ်ခေါက်ဆွေးနွေးပွဲဟာ နောက်ဆုံး အကြိမ် ဖြစ်နိုင်မလားဆိုတာတော့ မပြောနိုင်သေးကြောင်း သိရပါတယ်။

ဒီနေ့ ဆွေးနွေးခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။