ဘဏ္ဍာရေး ပြဿနာကြောင့် ငွေကြေး ဖေါင်းပွမှုနဲ့အတူ ဈေးကွက် ထိခိုက်မှုတွေ ပေါ်ပေါက်လာြ့ပီး လစာနည်း အစိုးရဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေ အပါအဝင် ပြည်သူအများ စားဝတ်နေရေး ဒုက္ခတွေ ပိုမို ဖိစီးလာနိုင်ကြောင်း၊ စစ်တပ်တွင်းမှာလည်း လစာမပေးနိုင်တဲ့ ပြဿနာတွေ ပေါ်ပေါက်နေတယ် ဆိုတာ ကြားသိနေရကြောင်း NCUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် က အာအက်အေ ကိုပြောပါတယ်။ အဲဒါကြောင့် တနိုင်ငံလုံး ငွေကြေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ နိုင်ငံအတွက် သက်ဆိုင်သူတွေ အားလုံးပါဝင်ပြီး ညှိနှိုင်း ဆောင်ရွက်နိုင်မယ့် အပြောင်းအလဲတွေ လုပ်ဖို့လိုအပ်နေပြီဆိုတာ ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ "အနှစ်သာရ ကတော့ ဗမာပြည်မှာ နိုင်ငံရေးစနစ် ပြင်ဖို့ လိုတဲ့အကြောင်းပါ။ စီးပွါးရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာလည်း တိုင်းပြည်က ပတ်သက်တဲ့လူတွေကို ဆွေးနွေးဖို့ လိုတယ်။ စီးပွါးရေးစနစ်ကို စီမံခန့်ခွဲနေတဲ့ နိုင်ငံရေးစနစ်ကို ပြောင်းဖို့ လိုတယ်လို့ ပြောတာပါ။" ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်တုံးကလည်း ဘဏ္ဍာရေး ပြဿနာ ကြုံတွေ့ခဲ့ရဖူးကြောင်း၊ အခုတကြိမ် ငွေကြေး အကြပ်အတည်း ပေါ်ပေါက်ရတာဟာ ပြည်ပက စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် မဟုတ်ဘဲ၊ တိုင်းပြည်ရဲ့ သယံဇာတ ရောင်းရငွေ တွေကို အနုမြူ သုတေသန နဲ့ ဒုံးကျည် ထုတ်လုပ်ရေး အစီအစဉ်တွေမှာ သုံးစွဲနေတာကြောင့် ဖြစ်ကြောင်း ကြေညာချက်မှာ ထောက်ပြထားပါတယ်။