ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သလို တိုင်းရင်သား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်တိုင်းပြည်လုံး အတိုင်းအတာအရ အပစ်ခတ်ရပ်စဲရေးကို လုပ်ဆောင်ဖို့လိုကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)က သမ္မတဦးသိန်းစိန်ကို ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

မြန်မာအစိုးရက အပစ်ခတ်ရပ် ငြိမ်းချမ်းရေးအတွက် ကိုယ်စားလှယ်တွေလွှတ်ပြီး ဆွေးနွေး လုပ်ဆောင်နေပေမယ့် အစိုးရကပြောတဲ့ ထာဝရငြိမ်းချမ်းရေး အတွက်ဆိုရင် ကချင်ဒေသက စစ်ပွဲတွေကို ချက်ချင်းရပ်ပစ်ဖို့ လိုတယ်လို့ NCUB ဥက္ကဋ္ဌ စောဒေးဗစ်တာကပေါက ပြောပါတယ်။

ဧပြီ ၃ ရက် ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ NCUB ကြေညာချက်ထဲမှာတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရတာကို ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကိုကြည့်ရင် အဖိနှိပ်ခံပြည်သူတွေက အပြောင်းအလဲ လိုလားတယ် ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ကြောင်း၊ တိုင်းရင်းသားပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ပင်လုံညီလာခံလိုမျိုး တိုင်းရင်းသားအားလုံး ပါဝင်နိုင်မယ့် ညီလာခံတရပ်လိုအပ်ကြောင်း၊ နိုင်ငံခြား တိုင်းပြည်တွေက ပေးမယ့် ODA အကူအညီတွေကို လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့ ဦးစားပေးသုံးသင့်သလို၊ နိုင်ငံခြား ပို့ကုန်လုပ်ငန်းတွေ တိုးတက်လာအောင် အစိုးရက အားပေး လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းထားပါတယ်။