အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ လယ်ယာမြေ အသိမ်းဆည်းခံရမှုနဲ့ မိသားစုပိုင် ပစ္စည်းတွေ အဓမ္မ သိမ်းဆည်းခံရမှုပေါင်း ၁၁၄ မှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှုက ၈၅ မှုနဲ့ အဓမ္မ စေခိုင်းမှုပေါင်း ၅၉ မှု ရှိတယ်လို့ ND-Burma အဖွဲ့က ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တရပ် ပေါ်ပေါက်လာတယ် ဆိုပေမယ့် လွတ်လပ်စွာ လုပ်ဆောင်ခွင့် မရသလို၊ အဲဒီကော်မရှင် ရှိတယ်ဆိုတာတောင် တိုင်းရင်းသားဒေသတွေမှာ အသေအချာ မသိကြဘူးလို့ ND-Burma ကွန်ယက် စီမံခန့်ခွဲမှုအဖွဲ့ဝင် မမွန်းနေလီက RFA ကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ လျှော့ကျသွားဖို့ဆိုရင် ဥပဒေစိုးမိုးမှု ရှိဖို့လိုကြောင်းနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေကို လွတ်လပ်စွာ လေ့လာလုပ်ဆောင်ခွင့် ပေးဖို့လိုကြောင်း ND-Burma ကွန်ယက်က တိုက်တွန်းလိုက်ပါတယ်။
ND-Burma ကွန်ယက် စီမံခန့်ခွဲမှု အဖွဲ့ဝင် မမွန်းနေလီကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။