ဦးစခုန်တိန့်ယိန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်း


2016.06.24
ndak-leader-620.jpg ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းကို စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့  ဦးစခုန်တိန့်ယိန်းဟာ ၂ဝ၁၅ ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်တာကို  စစ်ဆေးတွေ့တဲ့အတွက် ကချင်ပြည်နယ် အမှတ် ၅ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းခံလိုက်ပါတယ်။

နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက ဒီနေ့ ရုပ်သိမ်းလိုက်တာပါ။ ဦးစခုန်တိန့်ယိန်းနဲ့  NLD  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို တရားခွင် အမှတ် ၂ မှာ ဖြေရှင်းတဲ့အခါ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၆ အရ ဦးစခုန်တိန့်ယိန်းဟာ တရားမဲ့ပြုကျင့်တာ ထင်ရှားတယ် လို့  ခုံရုံးကဆုံးဖြတ်လိုက်ပါတယ်။

ဒီအတွက် ဆန္ဒမဲ ဒုတိယအများဆုံးရရှိထားတဲ့  တသီးပုဂ္ဂလကိုယ်စားလှယ် ဦးယောနာဟာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမယ်လို့ ဆိုပါတယ်။

ဦးစခုန်တိန့်ယိန်းကို တသီးပုဂ္ဂလကိုယ်စားလှယ် ဦးယောနာနဲ့  NLD က ဦးစံဝေခေါင်လွန်းတို့က တိုင်ကြားတာပါ ။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဦးစခုန်တိန့်ယိန်းက အနှောင့်အယှက်အတော်ပေးတာဟာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့ လုပ်ဆောင်ချက်နဲ့ မကိုက်ညီဘဲ မတရားပြုကျင့်မှု ဖြစ်လာတဲ့အတွက်  တိုင်ကြားရတာလို့ ဦးယောနာက ပြောပါတယ်။

ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၅ မှာ NLD ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်မစည်းရုံးဖို့ ဦးစခုန်တိန့်ယိန်းက ကြေညာချက်ထုတ်ပြန်တားမြစ်ပြီး သူခေါင်းဆောင်တဲ့ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDAK) ထိန်းချုပ်ထားတဲ့  ကချင်အထူးဒေသ ၁ နယ်မြေမှာ မဲဆွယ်စည်းရုံးနေတဲ့ NLD ကိုယ်စားလှယ်လောင်းနဲ့ ပါတီဝင်တွေကို ရိုက်နှက်ရုံမက ပစ္စည်းတွေကိုပါ  ဖျက်ဆီးခဲ့ပါတယ်။

NDAK ဟာ ၂ဝဝ၉ ခုနှစ်တွင် အစိုးရစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့ ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဦးစခုန်တိန့်ယိန်းဟာ အမျိုးသားလွှတ်တေ်ာအမတ် ဖြစ်လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။