ပဲခူးတိုင်း NDF ပါတီဝင်များ NLD ပါတီဝင်ဖို့ စီစဉ်

NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီရဲ့ ပဲခူးတိုင်း စည်းရုံးရေး ဥက္ကဋ္ဌလည်းဖြစ် ဗဟိုဦးစီး အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးအောင်မျိုးဝင်း အပါအဝင် ပဲခူးမြို့ပေါ် က NDF ပါတီဝင် အင်အား ၁၀၀ ခန့်ဟာ NDF ပါတီကို ဒီလ စောစောပိုင်းမှာ နှုတ်ထွက်စာ တင်ခဲ့ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အဖွဲ့ဝင်အဖြစ် လျှောက်လွှာပေးဖို့စီစဉ်နေပြီလို့သိရပါတယ်။

ပါတီက နုတ်ထွက်တဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကို မနေ့က အကြောင်းကြားထားပြီ ဖြစ်ကြောင်းနဲ့ ပါတီဝင်အဖြစ်က နှုတ်ထွက်ဖို့ ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး ဦးအောင်မျိုးဝင်းက အခုလို ပြောပါတယ်။

"ကျွန်တော် ပဲခူးတိုင်း စည်းရုံးရေး ဥက္ကဋ္ဌ အဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအတွက် လုပ်ဆောင်ပေးခဲ့ပါတယ်ဗျာ။ အခု ကျွန်တော်အနေနဲ့ ဒီပါတီမှာ ဆက်ပြီးလုပ်ချင်စိတ် မရှိတော့တဲ့အတွက် ကျွန်တော်ဒီကနေ နုတ်ထွက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော် အခုလိုထွက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ဝိုင်းရံချင်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် အခုလို နုတ်ထွက်ဖြစ်တာပါ။ ဒီပါတီက လူကြီးတွေနဲ့လည်း ကျွန်တော် ပြဿနာ မရှိပါဘူး။ ဘယ်သူဘယ်ဝါကြောင့်မှလည်း ထွက်တာမဟုတ်ပါဘူး"

တချိန်တည်းမှာပဲ ပဲခူးမြို့ပေါ်က NDF ပါတီဝင် အဖြစ်ကနေ နှုတ်ထွက်သူ ၁၀၀ခန့် ရှိပြီး ပဲခူးတိုင်း အရှေ့ခြမ်း တောင်ငူ၊ ဖြူး၊ ညောင်လေးပင်နဲ့ ပဲခူးခရိုင် ဒေသခံ အမြောက်အများ NLD ပါတီဝင် အဖြစ် လျှောက်ထားဖို့ ပြင်ဆင်နေကြတယ်လို့ ဦးအောင်မျိုးဝင်းက ပြောပါတယ် ။