အခမ်းအနားကို နံနက် ၁၀ နာရီ ၃၇ မိနစ်တိတိမှာ ကျဆုံးသွားကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုပြီး စတင် ကျင်းပခဲ့ကြပါတယ်။
ပြည်ပနိုင်ငံတွေကို ရောက်ရှိနေကြပေမယ့် မြန်မာ့နိုင်ငံရေး သမိုင်းမှာ အလွန်အရေးပါတဲ့ ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့) ကို မြန်မာနိုင်ငံသားတွေ အနေနဲ့ မမေ့ကြဖို့၊ သူများနိုင်ငံဆိုတော့ ကလေးတွေလည်း သိလာအောင်လို့ အခုလို အာဇာနည်နေ့ အခမ်းအနားကို ကျင်းပရတာ ဖြစ်တယ်လို့ အခမ်းအနား ကျင်းပရေး တာဝန်ခံ ကိုစလွန်းက RFA ကို ပြောပါတယ်။
ဒီအခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီ အင်အားစု ၅၀ ခန့် တက်ရောက်ခဲ့ကြပြီး အာဇာနည် ခေါင်းဆောင်ကြီးတွေ အကြောင်းတွေကို အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေက ပြန်ပြောင်း ပြောဆိုခဲ့ကြတယ်လို့ ကိုစလွန်းက ပြောပါတယ်။
အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ချင်းအမျိုးသား ကိုဆလိုင်းဗန်မှုန်းလျန် ကလည်း အာဇာနည်နေ့ဟာ မြန်မာနိုင်ငံသားတွေအတွက် အလွန်အရေးကြီးတဲ့ သမိုင်းကြောင်း ဖြစ်သလို ဒီလို အာဇာနည်နေ့ ကျင်းပမှုတွေကြောင့် နောင်လာ နောက်သားတွေ အနေနဲ့ အာဇာနည်စိတ်ဓာတ်တွေ ပေါ်ထွန်းလာနိုင်တယ်။ နိုင်ငံနဲ့ လူမျိုး အများအကျိုးအတွက် လုပ်လာနိုင်တယ်လို့ ပြောပါတယ်။
အလားတူ အာဇာနည်နေ့ အခမ်းအနားကို နယူးဒေလီမြို့ ရွှေဝါရောင် ကျောင်းတိုက်မှာလည်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
