အစိုးရဝန်ကြီးဌာန ၂ဝ လောက် သာ ထားရှိမည်

အန်အယ်လ်ဒီပါတီ အစိုးရသစ်လက်ထက်မှာ အသုံးစရိတ်တွေကို လျော့ချနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရဝန်ကြီး ဌာန အရေအတွက် ၂၀ လောက်သာ ထားရှိမှာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော်ဟာ ပြည်ထောင်စု ဝန်ကြီးဌာနအရေအတွက်၊ အမည် နဲ့ ဝန်ကြီးဦးရေ သတ်မှတ်တာကို မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြရမှာဖြစ်တဲ့အတွက် အန်အယ်လ်ဒီ ပါတီရဲ့ အစိုးရမှာ ဝန်ကြီးဌာန ဘယ်နှစ်ခု ရှိမလဲ မေးမြန်းရာ မှာ ဒေါက်တာဇော်မြင့်မောင်က ပြောတာဖြစ်ပါတယ်။

"နက်ဖြန်ကျရင် ကျနော်တို့ ဝန်ကြီးဌာနအရေအတွက်လျော့မယ်၊ ၂ဝ ပတ်ဝန်းကျင် လောက်ပဲရှိမယ်၊ ဝန်ကြီး ဌာနအရေအတွက်လျော့တော့ ဝန်ကြီး အရေအတွက်လည်း လျော့မှာပေါ့၊ အဓိကပြောချက်တာကတော့ ဝန်ကြီးဌာနလျော့ရတဲ့အကြောင်းရင်းက အစိုးရအသုံးစရိတ် ကိုလျော့ချချင်လို့ပါ၊ ပေါင်းလို့ရတဲ့ဝန်ကြီး ဌာနချင်း အရင်တုန်းက လည်း ပေါင်းထားတဲ့ဝန်ကြီးဌာနတွေရှိခဲ့ဘူးတော့ ပြန်ပြီးတော့ ဖော်ဆောင် တာပေါ့၊ အဓိကကတော့ အစိုးရအသုံးစရိတ်ကို လျော့ချင်လို့ပါ"

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဝန်ကြီးဌာန ၃၆ ခုရှိပြီး ဝန်ကြီးနဲ့ ဒုတိယဝန်ကြီး ၉၀ ကျော် ခန့်အပ်ထား တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာတွေအတွက် တိုင်းရင်းသားတွေကို ထည့်သွင်းခန့်အပ်သွားဖို့ လျာထားသလို တိုင်းဒေသကြီး နဲ့ ပြည်နယ် အစိုးရအဖွဲ့တွေမှာလည်း အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေကို ခန့်အပ်ဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။

အစိုးရဖက်က နိုင်ငံတော်အကြီးအကဲ တာဝန်လွဲှပြောင်းရေး အထောက်အကူပြု ကော်မတီနဲ့ အန်အယ်လ်ဒီပါတီ ဖက်က အသွင်ကူးပြောင်းရေးအဖွဲ့တို့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့က ၄ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီး သမ္မတ တာဝန်လွဲှပြောင်းရေး အခမ်းအနား ကျင်းပဖို့၊ အစိုးရဝန်ကြီးဌာန တာဝန်လွဲှဲပြောင်းဖို့ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။