မြန်မာနိုင်ငံနဲ့ မဲခေါင်မြစ်ဝှမ်းဒေသတွေမှာ ဆေးမတိုးတော့လို့တားဆီးရခက်နေတဲ့ ငှက်ဖျားရောဂါပိုးတစ် မျိုး ပေါ်ပေါက်နေတာကို အချိန်မီ ဟန့်တားဖို့ လိုနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂပညာရှင်တွေက သတိပေးလိုက် ပါတယ်။
ဒီအန္တရယ်ကို အခုချိန်မှာ မတားနိုင်ရင် အိန္ဒိယနဲ့ အာဖရိကနိုင်ငံတွေဘက်ကို ကူးစက်ပြန့်ပွားပြီး ကမ္ဘာ့ပြသနာကြီး တစ်ခု ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါဖြစ်ပွါးမှုတွေကို လေ့လာနေတဲ့ ပိုးမွှားဗေဒပညာရှင် Eisa Hamid ကပြောပါတယ်။
သာမန်အားဖြင့် Artemisinin ဆေး ပေးပြီးရင် သုံးရက်အကြာမှာ ရောဂါကျလာရမှာ ဖြစ်ပေမယ့် အခုအခါမှာ တချို့လူ နာတွေဟာ သက်သာလာတာ မတွေ့ရကြောင်း၊ ဒါဟာ ဒီရောဂါပိုးကို ဒီဆေးနဲ့ မတားနိုင်တော့ဘူးဆိုတဲ့ လက္ခဏာ ဖြစ်ကြောင်း သူကပြောပါတယ်။
ကုလသမဂ္ဂ ငှက်ဖျား တိုက်ဖျက်ရေးအစီအစဉ်အဖွဲ့က Pascal Ringwald ကလဲ ဒီလို ဆေးမတိုးတော့တဲ့ အဖြစ်မျိုး ကို မြန်မာနိုင်ငံမှာ အများအပြားတွေ့နေ ရပြီး၊ လူဦးရေ များလှတဲ့ အိန္ဒိယဘက်ကို ပြန့်ပွားသွားမှာ စိုးရိမ်နေရကြောင်း၊ အတိတ်ကာလတုန်း ကလဲ ကမ္ဘာပေါ်မှာ ငှက်ဖျားပိုး အမြစ်ပြတ်တော့မလို အခြေအနေရောက်ပြီးမှ ဆေးယဉ်သွား ပြီး ပြန်လည် ခေါင်းထောင်လာခဲ့ကြောင်း၊ အခုအချိန်မှာ စပြီး ဒီကိစ္စကို မကိုင်တွယ်ရင် ဆိုးကျိုးတွေ အများကြီး ရင်ဆိုင်ရလိမ့်မယ်လို့ ပြောပါတယ်။
