နိုင်ငံတော်သမ္မတ ဦးထင်ကျော် မိန့်ခွန်းပြောကြား


2016.03.30
president-transfer-620.JPG နေပြည်တော်သမ္မတ အိမ်တော်က သံတမန်ခမ်းမဆောင် မတ်လ ၃ဝ ရက်နေ့က သမ္မတနှစ်ဦး တာဝန်လွှဲပြောင်းပေးအပ်စဉ်
Photo: Myo Thant Khaing/RFA

ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ရမယ့် တာဝန်ရှိပြီး အဲ့ဒီနိုင်ငံရေးရည်မှန်းချက် အကောင်အထည်ပေါ်လာဖို့အတွက် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွား ရမှာကို နားလည်ထားကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပထမဆုံး တိုင်းပြည်ကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦးနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုအဆင့် တာဝန်ထမ်းဆောင် မယ့် ပုဂ္ဂိုလ်တွေ ပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်မှာ ကတိသစ္စာပြုပြီးနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောတာဖြစ်ပါတယ်။

"ဒီနေ့၊ ဒီချိန်မှာ လေးနက်စွာတင်ပြလိုတဲ့ အချက်တစ်ခုရှိပါတယ်၊ ဒီအချက်ကတော့ မကြာခင်ကပဲ ကျနော်ဟာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြု ခဲ့ပြီးဖြစ် ပါတယ်၊ အဲ့ဒီကတိသစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိထားနေမှာဖြစ်ပါတယ်၊ ဒါ့အပြင်နိုင်ငံတော်နှင့် သင့်တော်မယ့် ဒီမိုကရေစီစံချိန်၊ စံညွှန်းများနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေး အတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်၊ နှစ်ရှည်လ များ ပြည်သူလူထုလိုလားတောင်းတနေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက် အကောင်အထည် ဖော်လာရေးအတွက် စိတ်ရှည်၊ သည်းခံဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ထားပါတယ်"

ဒါ့အပြင် လွှတ်တော် နဲ့ အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ ကိုက်ညီစွာ ဖွဲ့စည်းထားတာဖြစ်ကြောင်းလည်း ပြောပါတယ်။

 

သူ့အစိုးရလက်ထက်မှာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင် စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ပြည်သူလူထုရဲ့ လူနေမှုဘ၀ အဆင့် အတန်းမြင့်မားရေးကို အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့လည်း သမ္မတသစ် ဦးထင်ကျော် က ပြောကြား ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ၁၈ ဦး အမည်တွေနဲ့ တာဝန်ယူမယ့် ဝန်ကြီးဌာနတွေကို ကြေညာရာမှာ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံခြားရေး၊ သမ္မတရုံး၊ လျှပ်စစ်စွမ်းအင်နဲ့ ပညာရေးဝန်ကြီးဌာန ၄ခုကို တာဝန်ယူမှာဖြစ်ပါတယ်။

 

ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က ကာကွယ်ရေး ဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က နယ်စပ်ရေးရာဝန်ကြီးအဖြစ် ကြေညာခဲ့သလို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးအဖြစ် သူရဦးအောင်ကို၊ ပြန်ကြားရေးဝန်ကြီးအဖြစ် ဒေါက်တာဖေမြင့်၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးအဖြစ် ဦးသန့်စင်မောင်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးအဖြစ် ဦးအုန်းဝင်း၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးအဖြစ် ဦးသိန်းဆွေ၊ စက်မှုဝန်ကြီးအဖြစ် ဦးခင်မောင်ချို ဆိုပြီး ကြေညာခဲ့ပါတယ်။

ဝန်ကြီး ၁၈ ဦးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌသစ် ဦးလှသိန်းနဲ့ အဖွဲ့ဝင် ၄ဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဌသစ် ဦးမျိုးညွန့်နဲ့ အဖွဲ့ဝင် ၈ဦး တို့လည်း ကတိသစ္စာပြုခဲ့ပါတယ်။

နေ့လည်ပိုင်းမှာ အစိုးရ တာဝန်လွဲှပြောင်းရေး အခမ်းအနားကို နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျင်းပခဲ့ရာ ဦးသိန်းစိန်က သမ္မတ တာဝန်နဲ့လုပ်ပိုင်ခွင့် ကြေညာချက်နဲ့ အဆောင်အယောင်စလွယ်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပေးအပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။