ရန်ကုန် စည်ပင်ကော်မတီ ၄ ဦး တာဝန်စတင်ထမ်း


2016.06.01
thanmyintaung-620.jpg စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ခန့်အပ်ခြင်းခံရတဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ကို တွေ့ရစဉ်
Photo: Than Myint Aung/ Facebook

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်လိုက်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ၄ ဦးဟာ ဒီကနေ့ တာဝန်တွေ စတင်ထမ်းဆောင်နေကြပြီဖြစ်ပါတယ်။

ခန့်အပ်လိုက်တဲ့ ကော်မတီဝင် ၄ ဦးထဲက စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က လုပ်ငန်းဌာနတွေကို စတင်လေ့လာနေတယ်လို့ ပြောပါတယ်။

"ကျမတို့က ဒီကနေ့မှာ စရုံးတက်ပြီးတော့ ဌာနတွေကို လိုက်လေ့လာနေတာပေါ့၊ ကျမတို့ကော်မတီဝင် ၅ ယောက်ပေါ့နော် ဥက္ကဌကတော့ မြို့တော်ဝန်ပေါ့နော်၊ နောက်ပိုင်းစည်ပင်သာယာနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အတူတူပူးပေါင်းပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေကို ပူးပေါင်းလုပ်ဆောင်သွားမယ်၊ ကျမတို့ အကောင်းဆုံး လုပ်သွားမှာပါ"

အရင်တိုင်းအစိုးရက ခန့်အပ်ထားတဲ့ ကော်မတီဝင်တွေကို ပြီးခဲ့တဲ့မေလက တာဝန်က နေရပ်နားခဲ့ ပြီးနောက် ကော်မတီဝင် ၄ ဦးနေရာမှာ အတွင်းရေးမှူးအဖြစ် ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှုးအဖြစ် ဦးသန်း၊ ကော်မတီဝင်တွေအဖြစ် ဒေါ်မေမေသွင်နဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် တို့ကို ရွေးချယ်ခန့်အပ် လိုက်တာ ဖြစ်ပါတယ်။

အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရတဲ့ ဒေါ်လှိုင်မော်ဦးက ဗိသုကာပညာရှင်တစ်ဦးဖြစ်ပြီး တွဲဖက်အတွင်းရေးမှူး ဦးသန်းက စည်ပင်ကော်မတီရဲ့ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။

ဆရာမ ဒေါ်သန်းမြင့်အောင်က နာရေးကူညီမှုအသင်းက ပရဟိတသမားတစ်ဦးဖြစ်ပြီး၊ ဒေါ်မေမေသွင်ကတော့ ဆည်မြောင်းဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ကော်မတီဝင် စုစုပေါင်း ၈ ဦး ခန့်အပ်ရမှာဖြစ်ပြီး ၄ ဦးကို တိုင်းအစိုးရက တိုက်ရိုက်ခန့်အပ်ပြီး ကျန် ၄ ဦးကို စည်ပင်ရွေးကောက်ပွဲကနေ ရွေးချယ်ခန့်အပ်ရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။