သတင်းမီဒီယာ ဥပဒေကြမ်း နည်းလမ်းသစ်ဖြင့် တင်သွင်းမည်

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနကတဆင့် လွှတ်တော်ကို တင်သွင်းမပေးနိုင် တာကြောင့် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးကော်မတီက တဆင့်သာ လွှတ်တော်ကို တင်သွင်းသွားတော့မှာဖြစ် တယ်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ယုဇနတာဝါမှာရှိတဲ့ စာနယ်ဇင်းကောင်စီရုံးခန်းမှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ တတိယအကြိမ် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဒေါက်တာမျိုးသန့်တင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကြမ်းပါ အချက် ၁၇ ချက်ဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မူဝါဒနဲ့ကိုက်ညီမှုမရှိကြောင်း နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ညီညွတ်မှုမရှိတာကြောင့် စတဲ့အချက်တွေကြောင့် ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်သွင်းမပေးနိုင်တော့တာဖြစ်တယ်လို့ သိရပါတယ်။

စာနယ်ဇင်းကောင်စီ(ယာယီ)က ပြင်ဆင်ရေးဖွဲ့ထားတဲ့ သတင်းမီဒီယာဥပဒေမှာ အချက် ၆၈ ချက်ပါဝင်ပြီး အဲ့ဒီထဲက ၁၇ ချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက လက်မခံနိုင်ပဲ ကျန်တဲ့ ၅၁ ချက်ကိုတော့ လက်ခံခဲ့တယ်လို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက လက်မခံတဲ့အချက် ၁၇ ချက်ထဲမှာ မြန်မာနိုင်ငံံမှာ စာနယ်ဇင်းကောင်စီ တစ်ခုတည်းသာရှိသင့်ကြောင်း ၊ အီလက်ထရောနစ် မီဒီယာဆိုရာမှာ အင်တာနက်မီဒီယာအားလုံး အကျုံးဝင်ကြောင်း ၊ စာနယ်ဇင်းကောင်စီမှာပါတဲ့ ပုဂ္ဂိုလ်တွေဟာ အစိုးရဝန်ထမ်းမဖြစ်ရဆိုတဲ့ စတဲ့အချက် ၁၇ ချက်တွေလို့ သိရပါတယ်။