ရခိုင်ပဋိပက္ခ ဖြေရှင်းရေး ကူညီပေးသွားမယ်လို့ နယူးဇီလန် ကတိပြု

ရခိုင်ပြည်နယ်အတွင်းမှာ အုပ်စုနှစ်ခုအကြားဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘယ်ပုံဘယ်နည်း နဲ့ ဖြေရှင်းဆောင်ရွက်သင့်တယ်ဆိုတာကို နယူးဇီလန်နိုင်ငံအနေနဲ့ အလေးအနက်ထား စဉ်းစားသွားမယ့်အပြင် လိုအပ်တာတွေ လည်း မြန်မာအစိုးရကို ကူညီပေးသွားမယ်လို့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Murray McCully က ဒီကနေ့ပြောကြားလိုက်ပါတယ်။

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ရခိုင်ပြည် နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ တာပါ။

"ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွက် ဖြေရှင်းဆောင်ရွက် သင့်တာတွေကို နယူးဇီလန်နိုင်ငံအစိုးရနဲ့ နယူးဇီလန် ပြည်သူတွေက အလေးအနက်ထား စဉ်းစားဆွေးနွေးသွားဖို့ရှိပြီး မြန်မာအစိုးရကိုလည်း လိုအပ်တာတွေ ကူညီပေးသွားမှာဖြစ်ပါတယ်" လို့ ပြောသွားတာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရရဲ့ အခက်အခဲတွေကို စာနာနားလည်မိသလို သူ့ရဲ့ရခိုင်ပြည်နယ်ခရီးစဉ်ဟာ အခြေအနေတွေကို လေ့လာရေးသက်သက် လာရောက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Mr. McCully ဟာ ရေတိုရေရှည်မှာ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း စစ်တွေမြို့မိမြို့ဘတွေ၊ နိုင်ငံရေးပါတီတွေနဲ့ နေ့လည်ပိုင်းမှာ စစ်တွေဟိုတယ်မှာ သီးသန့်တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် စစ်တွေမြို့ပေါ်မှာရှိတဲ့ စက်ရုံစု၊ ခေါင်းဒုတ်ကာ၊ ဒါးပိုင်၊ မှန်ဇီစတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။