ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ငါးသိုင်းချောင်းမြို့နယ်မှာ ငဝန်မြစ်ရေကြီးတဲ့အတွက် မြစ်ကမ်းဘေးနားက နေအိမ်တစ်ချို့ ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့နယ်မှာ နောက်ထပ်နှစ်ရက်အထိ စိုးရိမ်ရေအမှတ်ရဲ့အထက်မှာ ဆက်လက်ရှိနေဦးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှုး ဦးချစ်ကျော်ကRFA ကို ပြောပါတယ်။
" ငါးသိုင်းချောင်းက ၁၁၃ဝ ကနေပြီးတော့ အခု ၁၁၃၅ ရောက်နေပါတယ်၊ အဲတော့သူက စိုးရိမ်ချိန်အမှတ်ထက်ကို ၅ စင်တီမီတာကျော်ရှိနေပါတယ်၊ နောက်ထပ်နှစ်ရက်လောက်အထိ စိုးရိမ်ချိန်အမှတ်အထက်မှာ ဆက်ရှိနေပါဦးမယ်၊ မိုးသည်းထန်ပြီး ဆက်ရွာနေတဲ့အတွက်ကြောင့် ဒီပဲခူးလွင်ပြင်တို့ဘာတို့ဆိုရင် စိုးရိမ်ချိန်အမှတ်ကို မကျော်သည့်တိုင်အောင် လယ်မြေတွေရေမြုပ်လာလိမ့်မယ်"
ငါးဝန်မြစ်ရေဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်လာပေမယ့် ဒီကနေ့အထိ ဒေသဆိုင်ရာ အာဏာပိုင်တွေက ရေဘေး ကာကွယ်ရေးနဲ့ ပတ်သက်လို့ ကြိုတင်ဆောင်ရွက်တာတွေ မရှိသေးဘူးလို့ ငါးသိုင်းချောင်းမြို့ လူငယ်ပရဟိတ အဖွဲ့ ဒုတိယဥက္ကဌ ဦးထွန်းလင်းဦးကRFAကိုပြောပါတယ်။
" တောင်ကျရေရော မြစ်ရေရော နှစ်ခုဆုံလဲတက်ရော ကမ်းပြိုတော့ အိမ်တွေနှစ်လုံး၊ သုံးလုံးပါတယ်၊ ဌာနဆိုင်ရာကတော့ ဘာမှကြိုတင်ပြင်ဆင်မထားဘူးခင်ဗျ၊ ကျနော်တို့ သဲတို့ ယိုင်လိပ်တို့ မျောတိုင်တို့ ဒါတွေကိုစုထားတယ်"
ငါးသိုင်းချောင်းမြို့နယ်မှာ ငဝန်မြစ်ရေမြင့်တက်လာမှုကို တားဆီးပေးတဲ့ ရေတားတာတမံရဲ့ အခြေအနေဟာ လည်းစိုးရိမ်စရာဖြစ်နေတယ်လို့ ပြောပါတယ်။