အန်ဂျီအိုတွေအနေနဲ့ နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက ကူညီပေးသင့်တဲ့အကြောင်းကို အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းကြည်က တွေ့ဆုံဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့ပါတယ်။
"လက်ရှိ ပကတိအခြေအနေမှာ တချို့က စားရေးဒုက္ခရောက်တယ်။ တချို့က နေရေးဒုက္ခရောက်တယ်။ ဒီလူတွေ ဆင်းရဲတွင်းထဲက လွတ်ဖို့က နိုင်ငံတော်မှာ တာဝန်ရှိတယ်။ မဏ္ဍိုင် ၃ရပ်မှာ တာဝန်ရှိသလို အန်ဂျီအို အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတယ်"
ဆွေးနွေးပွဲမှာ လက်ရှိ အန်ဂျီအိုတွေရဲ့ လိုအပ်ချက်တွေကို ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ အောင်ထွန်းသက်ကလည်း အခုလိုပြောပါတယ်။
"အန်ဂျီအိုတွေရဲ့ အခြေအနေတွေကို နားထောင်ပေးပါ။ ဆရာတို့ကို ကူပေးပါ။ အန်ဂျီအိုတွေ ဘက်ကလည်းပဲ ကိုယ်ရတဲ့ ကိုယ်နေရာကနေ လုပ်ပေးပါ့မယ်လို့ အာမခံရင်း ကျေးဇူးတင်အပ်ပါတယ်"
ဒါ့အပြင် မြန်မာနိုင်ငံမှာ လူဦးရေ သန်းခြောက်ဆယ်ကျော် နေထိုင်တဲ့ထဲမှာ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူတွေ ဖြစ်ကြပြီး ယခုအချိန်အထိ ကျေးလက်နေ ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှု၊ ပညာရေးနိမ့်ကျမှု၊ ကျန်းမာရေး အသိပညာ နိမ့်ကျမှုတွေနဲ့ သဘာဝ ဘေးအန္တရာယ်တွေ မကြာခဏဆိုသလို ကြုံတွေ့နေကြရတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
