ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ စစ်တွေ၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စတဲ့ မြို့နယ် ၉ မြို့နယ်နဲ့ ရန်ကုန်မြို့မှာ ဒီနေ့ တပြိုင်တည်း ဆန္ဒပြတောင်းဆိုကြပါတယ်။
ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတဲ့အတွက် တိုက်ပွဲတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုတာလို့ စစ်တွေမြို့က ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ဦးအောင်ဌေး က ပြောပါတယ်။
"အခုလက်ရှိ ရခိုင်ပြည်မှာဖြစ်ပေါ်နေတဲ့ ရက္ခိုင့်တပ်မတော် AA နဲ့ မြန်မာတပ်မတော်အကြား ဖြစ် ပွားနေတဲ့ စစ်ပွဲအတွက်ကြောင့် ခံစားရတဲ့ ရခိုင်ပြည်သူ ဒုက္ခသည်တွေ၊ စစ်ဘေးဒုက္ခသည်တွေအတွက် အနှောင့်အယှက်ဖြစ်တာတွေ၊ ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် ဒီစစ်ပွဲဖြစ်ပေါ်နေတဲ့ ဟာကို ရပ်တန့်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးစေချင်ပါတယ်၊ ပြီးတော့ အခု လက်ရှိဖြစ်ပေါ်နေရတဲ့ စစ်ပွဲအတွက် မလိုလားအပ်ဘဲနဲ့ ရခိုင်ပြည်သူတွေကို ပေါ်တာဆွဲသွားတာတို့၊ ညှင်းပမ်းနှိပ်စက်တာတို့ လုပ်တာတွေကိုလည်း ချက်ချင်းရပ်ပေးစေချင်တဲ့ ဆန္ဒနဲ့ဖော်ထုတ်ပွဲကို ရည်ရွယ်ပြီးတော့လုပ်တာပါ"
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေအတွင်း ဒေသခံတွေကို ဖမ်းဆီးတာတွေ၊ ပေါ်တာဆွဲတာတွေကို ရပ်တန့်ဖို့၊ AA နဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ အစိုးရအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေး ဖို့တို့ကို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်သူတွေ၊ စစ်တွေမြို့က စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေးအဖဲ့ွ ရဟန်းတော်တွေ နဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေက နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီနေ့ ပေးပို့ခဲ့ပါတယ်။
အဲဒီအိတ်ဖွင့်ပေးစာထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ရရှိအောင် အမြန်ဆုံးဆောင်ရွက်ပေး ဖို့ တောင်းဆိုထားပါတယ်။
ရခိုင်ပြည်နယ် မြို့နယ် ၉ မြို့နယ်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေကို ဒေသခံထောင်နဲ့ချီ ပါဝင်ခဲ့ပြီး ရန်ကုန်မြို့ဗိုလ်စိန်မှန် အားကစားကွင်းက ဆန္ဒပြပွဲမှာ ရခိုင်တိုင်းရင်း သား ၁၀၀ ကျော် ပါဝင်ခဲ့ပါတယ်။
