လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ တခုမှာ တခြားသူတွေလာပြီး စည်းရုံး ခွင့်ပြုမှာမဟုတ်ပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းက သာလျှင် မဲဆွယ်စည်းရုံးရမယ်လို့ ညွှန်ကြားချက်ထုတ်မယ့်အကြောင်း ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ မကြာခင်က ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီပြောဆိုချက်ကို အတည်ပြုနိုင်ရေး အတွက် မေးမြန်းထားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က RFA ကို ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
"အဲ့ဒီကိစ္စက ပထမဒီဟာ ဟာ ရွေးကောက် ပွဲကော်မရှင်ကို အစ်မတို့အနေနဲ့ တရားဝင်ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကိုတောင်းထားပါ တယ်၊ ဒါကသဘောထားကို တရားဝင်ထုတ်ထား တာမဟုတ်ပါဘူး၊ ပြောကြားချက်ဆိုပြီးတော့ပဲ သတင်းတွေထဲမှာပါလာတယ်ဆိုတော့ အဲ့ဒီဟာကို ဒါဟာအတည်ပြုသလား မပြုသလားဆိုတာကို အစ်မတို့ပထမသိချင်တယ်၊သိပြီးတော့မှ ဒီရွေးကာက်ပွဲကော်မရှင်ရဲ့ အခြေခံပြီးတော့မှ လုပ်သင့်လုပ်ထိုက်တာကိုဆက်လုပ်မှာဖြစ်ပါတယ်"
RFA ကပုံမှန်တင်ဆက်နေတဲ့ “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” ကဏ္ဏအတွက် မနေ့ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ လက်ရှိ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် တိုင်းရင်းသားတွေ အပေါ် အစိုးရဖက်က ပိုပြီးသဘောထားကြီးဖို့ လိုတယ်လို့ ပြောပါတယ်။
"ယုံကြည်မှုတည်ဆောက်တယ်ဆိုတာကတော့လေ ခပ်တိုတိုပြောလို့ရှိရင် ယုံကြည်လောက်အောင်နေ မှပဲ ယုံကြည်မှုတည်ဆောက်လို့ရမှာပါပဲ၊ အဲ့ဒါနှစ်ဦးနှစ်ဖက်လုံးပေါ့ ဒါပေမဲ့လည်းဘယ်လိုပဲပြောပြော အစ်မတို့အမြင်ကတော့ အင်အားကြီးတဲ့သူတွေက ပိုပြီးတော့သဘောထားကြီးဖို့လိုတယ်၊ အင်အား ပိုပြီးတော့နည်းတဲ့ဘက်ကနေပြီးတော့ ကိုယ့်ကို ယုံကြည်မှုရှိနိုင်အောင်လို့ နေတက်ဖို့လိုတယ်လို့ အစ်မတို့ကတော့ ဒီလိုပဲမြင်တယ်"
ဒါ့အပြင် ကွယ်လွန်သူ NLD နာယက ဆရာ ဦးဝင်းတင်ရဲ့ စိတ်ဓါတ်ခွန်အားနဲ့ အတွေးအခေါ်တွေဟာ ထာဝရ ရှင်သန်နေမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
"ဒါဘယ်လောက်ကြီးမားတဲ့ဆုံးရှုံးမှုလဲလို့ မေးကြပါတယ် အဲ့ဒီတော့ကျွန်မပြောတယ် တနည်းအားဖြင့် ဆုံးရှုံးမှုကြီးလို့လဲပြောလို့ရတယ် တနည်းအားဖြင့်ဆိုရင်လည်း ဆုံးရှုံးမှုမဟုတ်ဘူးလို့ပြောလို့ရတယ် အဓိက ဆရာထားပေးခဲ့တဲ့အမွေတွေကကုန်စရာအကြောင်းမရှိပါဘူး၊ စိတ်ဓာတ် အင်အား စကားတွေနဲ့ အတွေးအခေါ်အင်အား ဒါတွေဟာ ဆုံးရှုံးသွားစရာ အကြောင်းမရှိပါဘူး"
ဥရောပခရီးစဉ်နဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြောကြားချက်အပါအဝင် အပြည့်အစုံကို “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာနားဆင်ပါ။