၂ဝ၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီ ၁၉ ပါတီတို့က ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ စတင်ဆွေးနွေး ခဲ့ကြပါတယ်။
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို ချိုးဖောက်မှုမရှိစေဖို့အတွက် ပါတီတွေတစ်ခုခုနဲ့ စောင့်ကြည့်ဖို့ ဆွေးနွေးကြတာ ဖြစ် တယ်လို့ ဆွေးနွေးပွဲကိုစီစဉ်တဲ့ ဗေဒါသင်တန်းကျောင်းက ဦးမျိုးရန်နောင်သိန်းက ပြောပါတယ်။
"အဓိကရည်ရွယ်ချက်ကတော့ အခုဆိုရင်လည်း နိုင်ငံရေးပါတီများရဲ့ကျင့်ဝတ်ပေါ့ ဒါလုပ်နေပြီ၊ အဲ့ဒါကို လက်ရှိအာဏာရပါတီကရော ချိုးဖောက်နေလား၊ လက်ရှိဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ကရော သူတို့ရဲ့အခွင့်အာဏာတွေ အသုံးချပြီးတော့မှလည်း ဘာတွေလုပ်နေကြလည်း ရွေးကောက်ပွဲ မှာ လူတိုင်းလူတိုင်းပေါ့ နိုင်ငံသားတစ်ဦးချင်းစီက အခြိမ်းခြောက်မခံရဘဲနဲ့ မတရားပြုကျင့်မခံရဘဲနဲ့ လွတ်လပ်စွာမဲပေးခွင့်ရဖို့ သူတို့ပေးတဲ့မဲတွေကလည်း အမှန်တကယ် အကောင်အထည်ပေါ်လာဖို့ အတွက်ကို အာလုံးပါင်းပူးပေါင်း လုပ်ဆောင်ကြရမှာဖြစ်တယ်၊ အဲ့ဒီတော့ ကျနော်တို့ရဲ့ ပေါ်လစီ ကတော့ နိုင်တဲ့လူနိုင်ရမယ်၊ ရှုံးတဲ့လူ ရှုံးရမယ်၊ ဆိုတော့ ပြည်သူတွေ ရွေးချယ်တဲ့အတိုင်းဖြစ်ရမယ် ဆိုတဲ့ ပေါ်လစီနဲ့ ကျနော်တို့က လုပ်တာပါ"
ဒါ့အပြင် မဲပေးခွင့်ရှိသူတွေ လွတ်လပ်စွာ မဲပေးခွင့်ရှိဖို့နဲ့ မဲမသမာမှုတွေ မရှိဖို့အတွက် စောင့်ကြည့်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို ၂ရက်ကြာ ကျင်းပမှာဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖဲ့ွချုပ်၊ မွန်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖဲ့ွချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ စတဲ့ တိုင်းရင်းသားပါတီ ၁၉ ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက တက်ရောက်နေကြပါတယ်။
