လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာအများစုကို NLD ပါတီက ကိုယ်စားလှယ်တွေအနိုင်ရရင် အစိုးရအဖွဲ့ကို ညွှန့်ပေါင်းအစိုးရပုံစံ ဦးတည်ဖွဲ့စည်းဖို့ သဘောထားရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ခင်က သူတို့ပါတီရဲ့သဘောထားကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ YMCA ခန်းမမှာ ဒီကနေ့ပြုလုပ်တဲ့ မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ရဲ့ ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ခင်က အခုလို ပြောဆိုလိုက်တာပါ။
"၂၀၁၅ မှာ ရွေးကောက်ပွဲဖြစ်ပေါ်တော့မယ်၊ အဲ့ဒီမှာကျနော်တို့က အများစုနိုင်ခြေရှိတယ်၊ နိုင်အောင်လည်း ကျနော်တို့က အားထုတ်ရမှာဖြစ်ပါတယ်၊ လူထုကိုစည်းရုံးရမှာလည်း ဖြစ်ပါတယ်၊ အဲ့ဒီအခါမှာ ကျနော်တို့တိုင်းရင်းသားတွေဟာ သွေးစည်းညီညွှတ်ရေးလည်းဖြစ်ပေါ်လာတဲ့ အခြေအနေတွေရှိတဲ့အတွက် ညွှန့်ပေါင်းအစိုးရကို ကျနော်တို့ ဦးတည်သွားမယ့် သဘောရှိပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုအနိုင်ရရှိခဲ့တယ်၊ တဘက်မှာ ကျနော်တို့ဟာ အုပ်ချုပ်ရေးအာဏာကိုလည်းရမယ်၊ လွှတ်တော်ထဲမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကလည်း ရှိနေမယ်ဆိုလို့ရှိရင် ဒီလိုပဲရှေ့နိုင်ငံရေးလုပ်ငန်းများ အုပ်ချုပ်ရေးလုပ်ငန်းများကို သွားမယ့်သဘောရှိတယ်"
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးတည်သွားမယ့် အုပ်ချုပ်ရေးပုံစံကို သိရှိနိုင်ဖို့ NLD ပါတီဝင်တွေကို အလေးထားပြောလိုတာဖြစ်ကြောင်းနဲ့ ပြည်သူလူထုလည်း သဘောပေါက်စေဖို့ အခုလိုပြောရခြင်းဖြစ်တယ်လို့ ဦးကျော်ခင်က ဆိုပါတယ်။
NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအပါအဝင် ကိုယ်စားလှယ် ၄၃ နေရာကို အနိုင်ရရှိခဲ့ပါတယ်။