အဲဒီကော်မတီမှာ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက တာဝန်ခံ အဖြစ် ဆောင်ရွက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးအုံးကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာ မေဝင်းမြင့်၊ ဦးဝင်းထိန်၊ ဦးသိန်းဦး၊ ဒေါ်ခင်ဌေးကြွယ်၊ မဖြူဖြူသင်းတို့ အပါအဝင် အဖွဲ့ဝင် ၂၁ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဗဟိုအောင်နိုင်ရေး အဖွဲ့ အနေနဲ့ လိုအပ်တဲ့ တခြား ကော်မတီတွေလည်း ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။ ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်တွေမှာ အောင်နိုင်ရေး အဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းဖို့ တာဝန်ခံ ဦးတင်ဦး လက်မှတ် ရေးထိုးထားတဲ့ ညွှန်ကြားလွှာ တစ်စောင်ကိုလည်း ထုတ်ပြန်လိုက် ပါတယ်။ အောင်နိုင်ရေး အဖွဲ့တွေကို အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ အများ လေးစားတဲ့ ပုဂ္ဂိုလ်တွေ၊ တတ်သိ ပညာရှင်တွေ၊ နိုင်ငံရေး အစဉ်အလာ ရှိသူတွေ၊ တိုင်းရင်းသား လူမျိုးစုတွေ၊ လူငယ်တွေနဲ့ ဖွဲ့စည်းမယ်လို့ သိရပါတယ်။ ခရိုင် စည်းရုံးရေး ကော်မတီတွေ ဖွဲ့စည်းထားတာ မရှိတဲ့ အတွက် ခရိုင် အောင်နိုင်ရေး အဖွဲ့ ဖွဲ့ဖို့ မြို့နယ်တွေနဲ့ ညှိနှိုင်းဖို့ စီစဉ်ရတယ်လို့ သိရပါတယ်။ အခုအခါ အဖွဲ့ချုပ်ရဲ့ အလံ၊ တံဆိပ် စတာတွေလည်း ရွေးချယ်ပြီးသွားပြီလို့ ဦးအုံးကြိုင်က ပြောပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဆီက မှတ်ပုံတင်ခွင့် ပြုကြောင်း အကြောင်းကြားစာ မရသေးပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အစစ အရာရာ အဆင်သင့် ဖြစ်နေပြီလို့ အင်န်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ဆိုပါတယ်။