နေပြည်တော်မှာ လာမယ့်နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးဆိုင်ရာ လူထုသဘောထား ဆန္ဒခံယူပွဲကို အထက်မြန်မာပြည်က အန်အယ်လ်ဒီအဖွဲ့ ဝင် နှစ်သောင်းလောက် တက်ရောက် မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။
အဲဒီပွဲကို စီစဉ်ဖို့အတွက် မြို့နယ်ကလည်း ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အတည်ပြု ပြောပါတယ်။
“ပထမကတော့ ကျမတို့တင်ထားတဲ့စာကို သူတို့အနေနဲ့ ကန့်ကွက်ထားတယ်ပေါ့နော်၊ ကျမတို့ဘက်ကမလျော့ဘူး၊ ကျမတို့ ဒီနေရာမှာပဲ ဆက်လက်ကျင်းပပါမယ်၊ ကျမတို့ အယူခံထပ်တင်ပါတယ်၊ နောက်ဆုံးမှာ ကျမတို့ညှိနှိုင်းပြီးတော့ မြို့နယ်ရဲမှူးက ကျမတို့ကို ကန့်ကွက်ရန် မရှိပါကြောင်းဆိုပြီးတော့ ထောက်ခံပေးလိုက်ပါတယ်၊ သူတို့ရုံးစာအဆင့်ဆင့်တော့ တင်ထားပေးလိုက်ပြီပေါ့နော်”
ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီဆန္ဒခံယူပွဲကျင်းပမယ့် ဇမ္ဗူသီရိမြို့နယ်က နေရာကို ခွင့်မပြုနိုင်ကြောင်း မြို့နယ်က ပြောလာတဲ့အတွက် ဆက်လက်ဆွေးနွေးရာမှာ ဒီနေ့ညနေမှာ ပြေလည်ခဲ့ပြီး စီစဉ်ထားတဲ့အတိုင်းကျင်းပဖို့ ဖြစ်လာတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပခဲ့စဉ်က အောက်မြန်မာပြည် အန်အယ်လ်ဒီအဖွဲ့ဝင် နှစ်သောင်းကျော် တက်ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ အတည်ပြုခဲ့ကြပါတယ်။