NLD ကိုယ်စားလှယ် လေးဂွနှင့် အပစ်ခံရ

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးမင်းသူဟာ မနေ့က မဲဆွယ်စည်းရုံးရေး ဆင်းနေတုန်း သစ်သားချွန်တပ်ထားတဲ့ လောက်လေးဂွနဲ့အပစ်ခံခဲ့ရပါတယ်။

လူထုပရိသတ် အတော်များများ တက်ရောက်နားထောင်တဲ့ အောင်ချမ်းသာကျေးရွာက ဟောပြောပွဲအပြီးမှာ အပစ်ခံလိုက်ရတာဖြစ်တယ်လို့ ဦးမင်းသူက အာအက်ဖ်အေကိုပြောပါတယ်။

ခေါင်းထိမှန်သွားသူဟာ လုံခြုံရေးအဖွဲ့မှာပါတဲ့ မပွင့်ဖြူ ဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံပို့ထားရပါတယ်။ လေးဂွနဲ့ ပစ်တဲ့သူကိုတော့ ရွာခံလူငယ်တွေ ဝိုင်းဝန်းဖမ်းဆီးပြီး သက်ဆိုင်ရာရဲစခန်းကို ပို့လိုက်ပါတယ်။

အခုလို အပစ်မခံရခင်မှာ လောက်လေးဂွနဲ့ ပစ်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် လူထုကို ဟောပြောနေတဲ့အချိန်မှာ ဒေသခံတွေက လာရောက် သတိပေး ပြောဆိုခဲ့တယ်လို့လည်း ဦးမင်းသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက နေပြည်တော်တဝိုက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကြောင့် ဒေသခံရွာသူ ရွာသားတွေဟာ အဲန်အယ်လ်ဒီပါတီကို စိတ်ဝင်တစား ထောက်ခံ အားပေးလာတယ်လို့လည်း သိရပါတယ်။