ရခိုင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အခမဲ့ကျောင်း ဖွင့်လှစ်

ရခိုင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပထမဦးဆုံး အခမဲ့ ပညာသင်ကျောင်း တကျောင်းကို ဒီကနေ့ ဖွင့်လှစ်ခဲ့ပါတယ်။

အလယ်တန်း ကျောင်းသူကျောင်းသားတွေအတွက် စာသင်ခုံနဲ့ လိုအပ်တဲ့ စာရေးကိရိယာတွေကိုလည်း ထောက်ပံ့လှူဒါန်းမှာ ဖြစ်တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

"ရခိုင်ပြည်နယ် စည်းရုံးရေး ကော်မတီက ဦးဆောင်ပြီးတော့ ခြင်္သေ့နှစ်ကောင် ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ ပညာဒါန အင်္ဂလိပ်စာ အခမဲ့ သင်တန်းကျောင်းလေးတခု ဖွင့်ပါတယ်။ ငါးတန်း ခြောက်တန်း ကလေးတွေကို အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ် အခမဲ့ သင်ပေးမှာ ဖြစ်ပါတယ်။ စေတနာ့ရှင် ဆရာ သုံးယောက်က အခမဲ့ ပြသပေးပါတယ်"

အခု ဖွင့်လှစ်လိုက်တဲ့ အခမဲ့ ပညာသင်ကျောင်းကို "မြတ်မိခင်" လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ NLD ရဲ့ အခမဲ့ ပညာသင်ကျောင်းတွေကို ဧရာဝတီ၊ မန္တလေးနဲ့ ရန်ကုန် တိုင်းဒေသကြီးတွေမှာလည်း ဖွင့်လှစ်ထားပါတယ်။

အလားတူပဲ NLD လူငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး အထောက်အကူပြု အဖွဲ့တွေကလည်း သဘာဝ ဘေးဒဏ်သင့် ဒေသတွေက ပြည်သူတွေဆီကို သွားရောက်ကူညီ ဆောင်ရွက်ပေးနေတယ်လို့လည်း NLD က ထုတ်ပြန် ကြေညာထားပါတယ်။