အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်နယ်၊ တိုင်း၊ မြို့နယ်နဲ့ ကျေးရွာ အဆင့်ဆင့် ကော်မရှင် ဖွဲ့စည်းရေးဆိုင်ရာ ညီလာခံ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းလိုက်တာလို့ NLD က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အနေနဲ့ ပါတီတွင်း အာဏာအဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရေးကို အဓိက ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒီဗဟိုကော်မရှင်မှာ ဥက္ကဋ္ဌ အဖြစ် ဦးတင်ဦး၊ အတွင်းရေးမှူးအဖြစ် ရှေ့နေကြီး ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်တွေအဖြစ် ဦးဟန်သာမြင့်၊ ဦးသိန်းဦး၊ ဦးစိုးဝင်း၊ ဦးမျိုးညွန့်၊ ဒေါ်လဲ့လဲ့၊ ဒေါ်မြင့်မြင့်စိန်နဲ့ ဒေါ်ခင်စောမူတို့ ပါဝင်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ပါတီဝင် စုဆောင်းရေး၊ ပါတီပြန်လည်ဖွဲ့စည်းရေးအတွက် NLD က ဆက်လက်ဆောင်ရွက်တာ ဖြစ်ကြောင်း သိရပါတယ်။