စစ်ဘေးဒုက္ခသည်တွေအတွက် အနိုင်ရ NLD ကိုယ်စားလှယ်တွေ ကျပ်သိန်း ၅၀ လှူမည်


2015.11.27
shan-refugees-lechar-620.jpg အစိုးရတပ်နဲ့ SSPP/SSA တပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေ ရှမ်းပြည်နယ် မိုင်းနောင်မြို့ ကျောင်းခမ်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေစဉ်
Photo:Khun Yarzar/RFA

ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၈၈ ယောက်စုပေါင်းပြီး ကျပ် သိန်း ၅၀ ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေတဆင့် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

မကွေးတိုင်းက အနိုင်ရကိုယ်စားလှယ်အားလုံး စုပေါင်းလှူဒါန်းမယ့် အစီအစဉ်ကို မင်းဘူးမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ မှာ အနိုင်ရရှိခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က အခုလို ပြောပါတယ်။

"မကွေးတိုင်းက ၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေက ရွေးချယ် တယ်ဆိုတာ ပြည်သူကို အလုပ်အကျွေးပြုဖို့ပဲ၊ အခုကာလမှာ လွှတ်တော်ဆိုင်ရာ အချိန်ဇယားတွေအရရော အာဏာလွှဲပြောင်းရေး အစီအစဉ်တွေအရရော ဥပဒေအရ အပြောင်းအလဲမလုပ်ခင်စပ်ကြားမှာ ကျနော် တို့ပြည်သူတွေအတွက် ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားတဲ့အခါမှာ အခုချိန်မှာ စက်မက်ဖြစ်ပွားနေတဲ့ဒေသက စစ်ဘေးရှောင်ပြည်သူတွေကို တစ်စုံတရာ လူသားချင်းစာနာတဲ့အနေနဲ့ တစ်ခုခုကူညီရင်ကောင်းမယ်လို့ စဉ်းစားတဲ့အခါမှာ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းကြားပြီးတော့မှ တစ်ယောက်ကို ငါးသောင်းထက်မနည်းသော ထည့်ဝင်မှုနဲ့ လွှတ်တော်ကိုယ်စားလှယ် ၈၈ ယောက် အားလုံးစုပေါင်းပြီးတော့ မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေတဆင့် လှူဒါန်းဖို့ ကျနော်တို့ ဆုံးဖြတ်ပါတယ်ခင်ဗျ"

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မကွေးဆေး တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေက စစ်ဘေးဒုက္ခသည်တွေကို အကူအညီတွေပေးနိုင်ဖို့အတွက် ရန်ပုံငွေရှာဖွေပွဲတွေ ကျင်းပခဲ့ပြီး ရန်ကုန်၊ တောင်ကြီး၊ မန္တလေးတို့မှာလည်း လူငယ်အဖွဲ့တွေက စစ်ဘေးဒုက္ခသည်တွေအတွက် အလှူငွေတွေ လိုက်လံကောက်ခံနေပါတယ်။

ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သောင်းကျော်နေပြီဖြစ်ပြီး ဒုက္ခသည်တွေထဲမှာ ကျန်းမာရေးမကောင်းသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။