NLD ပညာရေး ကွန်ရက် မြန်မာနိုင်ငံတဝှမ်း ခရီးဆက်

NLD ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဟာ ဒီရက်အပိုင်းအတွင်းမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တွေကို သွားရောက်ပြီး၊ ပညာရေးသင်ကြားမှု ဘာသာရပ်ဆိုင်ရာ ဆွေးနွေး ပွဲတွေ ကျင်းပမယ်လို့ သိရပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ကျင်းပနိုင်ဖို့အတွက် ဒေသခံလူထုတွေရဲ့ ပညာသင်ကြားရေး အခြေအနေတွေကို သွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့ အဲ့ဒီကွန်ရက်က ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ သိန်းလွင်က RFA ကို ပြောပါတယ်။

"ရည်ရွယ်ချက်က ပညာရေးမူဝါဒအတွက် ကျောင်းဆရာတွေ၊ အငြိမ်းစား ကျောင်းဆရာတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေရော၊ ကျောင်းသားမိဘတွေရော၊ ဘာသာရေး အဖွဲ့အစည်းတွေရောပေါ့၊ သူတို့ရဲ့အယူအဆ ဘယ်လိုရှိတယ်ဆိုတာ ဆွေးနွေးပွဲလုပ်တာ"

ပြီးခဲ့တဲ့ရက်တွေက ပဲခူးနဲ့ မန္တလေးတိုင်းက ဒေသခံတွေနဲ့ သွားရောက်ဆွေးနွေးခဲ့ပြီး၊ တခြားပြည်နယ်နဲ့ တိုင်းတွေကိုလည်း ထပ်မံသွားရောက်ဖို့ရှိတယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို လာမယ့်ဇွန်လအတွင်း ရန်ကုန်မြို့မှာကျင်းပဖို့ စီစဉ်ထားတဲ့အပြင် အဲဒီညီလာခံက ပညာရေးမူဝါဒမူကြမ်းရေးဆွဲပြီး လွှတ်တော်ကိုတင်သွင်းမှာ ဖြစ်ပါတယ်။