အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲကိစ္စ ကြေညာချက်ထုတ်ပြန်

ရွေးကောက်ပွဲ ဆိုင်းငံ့ထားတဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ် သုံးနယ်မှာ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကိစ္စကို KIA-KIO နဲ့ဆွေးနွေး ညှိနှိုင်းစေလိုတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီလို ညှိနှိုင်းဖို့ ရွေးကောက်ပွဲကော်မရှင်က ဖြစ်ဖြစ်၊ နိုင်ငံတော်အစိုးရက ဖြစ်ဖြစ် လုပ်ဆောင်ပေးမယ်ဆိုရင် ဧပြီ ၁ ရက်နေ့မှာ ကချင်ပြည်နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

နောက် ကြေညာချက်တစ်စောင်မှာတော့ သစ္စာဂျာနယ်မှာ ဇမ္ဗူသီရိမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးရဲ့မဲဆွယ်ကြော်ငြာ တွေ့ရှိရတဲ့အကြောင်း၊ ကြော်ငြာမှာ နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးကို ထောက်ခံအားပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်လို့ ပါရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။

NLD ကြေညာချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆၄ ကို ကိုးကားပြီး နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားပါသည် ဆိုပြီး ထောက်ပြထားပါတယ်။

ဒါကြောင့် ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးရဲ့မဲဆွယ်ကြော်ငြာဟာ ပြည်ခိုင်ဖြိုးပါတီရဲ့လုပ်ငန်းဖြစ်တဲ့အတွက် "နိုင်ငံတော် သမ္မတကြီး ဦးဆောင်သော" လို့ဖော်ပြချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ နဲ့ မကိုက်ညီဘူးလို့ ယူဆကြောင်း ဖော်ပြထားပါတယ်။