မကြုံဖူးအောင် မသမာမှုတွေ မြင်ရတယ်လို့ NLD ပါတီ ပြောဆို

NLD ပါတီ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်အားလုံး မဲ နိုင်သွားပေမဲ့ မြန်မာနိုင်ငံအနှံ့ နေရာ တော်တော်များများမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး NLD ပါတီ အောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူးက ပြည်ထောင်စုကော်မရှင်ကို မနေ့က နေ့စွဲနဲ့ စာရေးသား ကန့်ကွက်ထားပါတယ်။

အခု ရွေးကောက်ပွဲမှာ မကြုံဖူးအောင် မသမာမှုတွေ မြင်ရတယ်လို့ NLD ပါတီ အောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မဲကတ်ပြားတွေမှာ NLD အမှတ်တံဆိပ်နေရာမှာ ဖယောင်းတွေ သုတ်ထားတဲ့အပြင် အာဏာပိုင်တွေ ကိုယ်တိုင် မဲရုံထဲဝင်ပြီး မဲထည့်တဲ့ လူတွေကို နှောင့်ယှက်တယ်လို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် NLD ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ကျေးရွာများဖြစ်ကြတဲ့ ညောင်ပင်သာ၊ ဆင်ရှင်၊ တနယ်၊ အလယ်ပုံ၊ ချောင်းနားကျေးရွာတို့အပြင် တခြားမဲဆန္ဒနယ်များ ဖြစ်ကြတဲ့ မော်လမြိုင်၊ မြန်အောင်၊ မကွေး၊ ကော့မှူး၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ဒဂုန်ဆိပ်ကမ်း၊ တောင်တွင်းကြီးနဲ့ ကလော(အောင်ပန်း)မြို့တွေမှာ အလားတူဖြစ်ရပ်များ ဖြစ်ပွားနေကြောင်း NLD အောင်နိုင်ရေး အတွင်းရေးမှူးရဲ့ ပြည်ထောင်စု ကော်မရှင်ကို ကန့်ကွက်တဲ့စာမှာ ဖော်ပြပါရှိပါတယ်။

စစ်ကိုင်းမြို့မှာ ကြိုတင်မဲ ပြဿနာတွေ တက်သလို ကန့်ဘလူ၊ ရေဦးတန့်ဆည်၊ ကျွန်းလှ မဲဆန္ဒနယ် အမှတ် ၃ မှာလည်း မဲလက်မှတ်မှာ တံဆိပ်တုံးတွေ မပါတဲ့ မဲလက်မှတ်တွေ ရှိသလို မဲစာရင်းမှာ မပါတဲ့ မဲဆန္ဒရှင်တွေ အများအပြား ရှိနေပါတယ်။

ဧရာဝတီတိုင်း၊ မြောင်းမြ မြို့နယ် မဲကျော် ဥယျာဉ်ကုန်းရွာမှာ NLD ပါတီက မဲရုံကိုယ်စားလှယ်ကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက ရန်လုပ်တာကြောင့် ထွက်ပြေးခဲ့ရပါတယ်။

ဒါ့အပြင် မရမ်းကုန်း ရပ်ကွက် အမှတ်(၃) မဲရုံမှာလည်း လုံခြုံရေး တာဝန်ယူထားသူ တစ်ယောက်က ဘယ်ဘက်လက်မှာ ကြံခိုင်ရေးတံဆိပ် ပတ်ထားပြီး လာသမျှလူတွေကို ဒီဟာကို မဲပေးရမယ်ဆိုပြီး ခိုင်းနေသလို၊ ကံ့ကော်မြိုင် ရပ်ကွက်မှာလည်းပဲ မဲရုံတာဝန်ကျတဲ့ ဆရာမတစ်ယောက်က လူတွေကို ဆွဲခေါ်သွားပြီး တစ်ယောက်ပြီး တစ်ယောက် မဲပေးခိုင်းနေတာ ရှိတယ်လို့ မဲရုံစောင့် တာဝန်ကျသူတွေက သတင်းပို့ ထားပါတယ်။