မဲဆန္ဒရှင် အမည်စာရင်း စိစစ်ရေး ရက်တိုးပေးဖို့ NLD မေတ္တာရပ်ခံ

တစ်တိုင်းပြည်လုံး အတိုင်းအတာအရ မဲဆန္ဒရှင် အမည်စာရင်းကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားရာမှာ စာရင်းပါဝင်သူတချို့ဟာ မဲပေးခွင့် မရှိသူတွေ ဖြစ်တာကြောင့် အသေအချာပြန်လည် စိစစ်နိုင်အောင် အချိန်ကာလတိုးပြီး သတ်မှတ်ပေးဖို့ NLD ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီကနေ့ စာပေးပို့ မေတ္တာရပ်ခံလိုက်ပါတယ်။

မဲပေးခွင့်ရှိသူစာရင်းကို မှန်မှန်ကန်ကန် ဖြစ်စေချင်တာကြောင့် အခုလို စာရေးသား တောင်းဆိုရတာဖြစ်ကြောင်း NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ရွေးကောက်ပွဲကော်မရှင်ရုံးက လက်ရှိ ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် သေဆုံးသွားသူတွေ၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေရဲ့ အမည်စာရင်းတွေ ပါဝင်နေသလို၊ သန်းခေါင်စာရင်းမှာ အမည်မပါဝင်သူတွေကိုလည်း မဲစာရင်းထဲမှာ တွေ့ရကြောင်း NLD ပါတီ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုကြပါတယ်။