ပါတီအတွင်းရေးမှူးလည်းဖြစ် campaign မန်နေဂျာလည်းဖြစ်သူ ဦးဉာဏ်ဝင်းက စောစောပိုင်းမှာ နေရာ ၄၅ နေရာအနက် နေရာ ၄၀ လောက်မှာ နိုင်နိုင်တယ်လို့ခန့်မှန်းပြောဆိုခဲ့ပါတယ်၊ အခုထိ မဲစာရင်း ရေတွက်ပြီးသလောက် ဝင်ပြိုင်တဲ့ နေရာတိုင်းမှာလိုလို အနိုင်ရရှိတယ်လို့ သိရပါတယ်။
နေပြည်တော် မဲဆန္ဒနယ် လေး နေရာလုံးမှာ NLD ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိကြရာမှာ ပုဗ္ဗသီရိမြို့နယ် ကိုယ်စားလှယ်လောင်း ဇေယျာသော်အတွက် ရလဒ်ကို ညပိုင်းမှ သိရသော်လည်း ကျန်သုံးနေရာကတော့ အစောကြီးကတည်းက ပွဲပြတ်သွားတယ်လို့ ဆိုပါတယ်။
အစိုးရ ဝန်ထမ်းအများစု နေထိုင်ရာလည်းဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်မှာလည်း အခြားနေရာတွေထက်စာရင် တက်ရောက်သူ နည်းပါးတဲ့အတွက် နေပြည်တော် မဲဆန္ဒနယ်တွေဟာ ခန့်မှန်းရခက်တဲ့ နေရာလို့သုံးသပ်ထားရှိရာမှာ အခုလို နေရာအားလုံး NLD အနိုင်ရလို့ ထူးခြားတယ်လို့ အကဲခတ်တွေက ယူဆပါတယ်။
ကချင်ပြည်နယ်က သုံးနေရာမှာ လုံခြုံရေး အကြောင်းပြပြီး ရွေးကောက်ပွဲ မလုပ်နိုင်တော့တဲ့အတွက် ကျန်လေးဆယ့်ငါးနေရာမှာ NLD က ဝင်ပြိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၇ မှာ ဝင်ပြိုင်မဲ့ ဦးစောလှိုင်ကို ကသာခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ခဲ့လို့ လေးဆယ့်လေးနေရာမှာသာ ပြိုင်ခဲ့ရတာပါ။
မဲစာရင်း ရလဒ်တွေဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြီးမှသာ တရားဝင်ဖြစ်မှာပါ။ မဲစာရင်းရလဒ်တွေကို NLD ရုံးချုပ်ရှေ့ ဒစ်ဂျစ်တယ် သင်ပုန်းနဲ့ပြသရာမှာ လူသောင်းနဲ့ချီ လာရောက် စောင့်မျှော် ကြည့်ရှုကြတယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်တွေကို အနိုင်ရလို့ပျော်ရွှင်တာ သဘာဝကျပေမဲ့ တစ်ဖက်အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ စိတ်ထိခိုက်စေမဲ့ အပြောအဆိုနဲ့ အပြုအမူတွေကို လုံးဝရှောင်ရှားဖို့ ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံ လိုက်ပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ NLD ရုံးမှာ ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းက ရောက်ရှိနေတဲ့ ဦးခင်မောင်စိုးကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ကိုယ်စားလှယ်တွေအတွက် ဆောင်ရွက်ပေးနေသူတချို့ရဲ့ အတည်ပြု ပြောဆိုချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
