NLD ဂီတ ဖျော်ဖြေပွဲဝင်ငွေ ခွဲစိတ်ခန်းအတွက် သုံးမည်

လာမယ့် ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျန်းမာရေးကွန်ရက် ရံပုံငွေဂီတဖျော်ဖြေပွဲက ရရှိလာမယ့်ငွေတွေကို ကျန်းမာရေးကွန်ရက်ရဲ့ နယ်လှည့်လူနာတင်ယဉ် ပေါ်မှာထားရှိမယ့် အသေးစားခွဲစိတ်ခန်းတစ်ခုအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

ရန်ပုံငွေဂီတပွဲနဲ့ ပတ်သက်ပြီး NLD ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက အခုလို ပြောပါတယ်။

“ရလာတဲ့ရန်ပုံငွေကို နယ်မှာသွားပြီးတော့ ဆေး ကုသလို့ရှိရင် လူနာတင်ယာဉ်ကို ခွဲခန်း အသေးစားလေးအဖြစ်လုပ်ပြီးတော့ အသေးစား ခွဲစိတ်မှုလေးတွေကို လုပ်နိုင်တဲ့ဟာပေ့ါနော်၊ အဲဒီမှာသုံးဖို့ စီစဉ်ထားတယ်၊ လူနာတွေ အသက်ကယ်တဲ့စက်တွေ၊ ကိရိယာတန်ဆာ ပလာတွေပေါ့လေ၊ အဲဒါတွေနဲ့ပတ်သက် လို့ လေ့ကျင့်ပေးထားတဲ့ ဆရာဝန်တွေမှာလည်းလုပ်ဖို့ အဲဒီအတွက် ရန်ပုံငွေရှာတာပါ”

ရန်ပုံငွေဂီတဖျော်ဖြေပွဲကို တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းက ရွှေထွဋ်တင်ခြံဝင်းမှာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ကျင်းပမှာဖြစ်ပြီး ကျန်းမာရေးကွန်ရက် တစ်နှစ်ပြည့် အထိမ်းအမှတ်နေ့လည်း ဖြစ်ပါတယ်။

အဲဒီ ရန်ပုံငွေပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားမှာဖြစ်ပြီး နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်း၊ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် တို့ကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။