ဆိုင်းငံ့ ရွေးကောက်ပွဲ နယ်မြေတွေမှာ တိုက်ပွဲများ မရှိ

ကချင်ပြည်နယ်အတွင်း မြို့နယ် ၃ မြို့နယ်မှာ လုံခြုံရေးအရ ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ငံ့ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီဒေသတွေမှာ KIA နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း KIO က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်နဲ့ မိုးကောင်း မဲဆန္ဒနယ်မြေတွေမှာ လံြုခုံရေးအရ ရွေးကောက်ပွဲ ဆိုင်းငံ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး KIA အဖွဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

" အခုပြောတဲ့ ဗန်းမော်တို့၊ ဖားကန့်တို့၊ မိုးကောင်းတို့မှာ တိုက်ပွဲ မရှိပါဘူး။ တိုက်ပွဲတွေ ဖြစ်နေတာက တပ်မဟာ ၅၊ ဌာနချုပ်၊ တပ်ရင်း ၃၊ တပ်မဟာ ၄ ဒီနေရာတွေမှာ ဖြစ်နေတာ။ အခု ရွေးကောက်ပွဲ ကျင်းပမယ့် နေရာတွေမှာတော့ တိုက်ပွဲတွေ ဖြစ်နေတာ မဟုတ်ဘူး။ ဥပမာ KIO နဲ့ တိုက်ပွဲဖြစ်နေလို့ ဆိုရင်တော့ ကျွန်တော်တို့နဲ့ ဆွေးနွေးလို့ ရတာပေါ့။ KIO နဲ့ တိုက်ပွဲဖြစ်နေတယ် မဟုတ်ဘဲနဲ့ လုံခြုံရေးအရ ဆိုရင်တော့ အဓိပ္ပါယ်ကတော့ ကျယ်ပြန့်ပါတယ်"

အလားတူ NLD ပါတီ ဌာနချုပ်ကလည်း အဲဒီဒေသတွေမှာ ရွေးကောက်ပွဲ ဖြစ်မြောက်နိုင်ရေး အတွက် KIA-KIO နဲ့ ဆွေးနွေး ညှိနိုင်းဖို့ ဆန္ဒရှိကြောင်း မတ်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

NLD ကြေညာချက်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က- "NLD က တရားဝင် ကျွန်တော်တို့ကို ပြောလာတာလည်း ဘာမှမရှိသေးဘူး။ ထုတ်ပြန်ချက်ပဲ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့က လောလောဆယ် ဘာမှ အစည်းအဝေး ဆုံးဖြတ်ချက်တွေလည်း မရှိသေးဘူး" လို့ပြောပါတယ်။

NLD ရဲ့ကြေညာချက်မှာ KIA-KIO နဲ့ ဆွေးနွေးနိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင် ဒါမှမဟုတ် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးမယ်ဆိုရင် လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ ဖော်ပြထားပါတယ်။