၂၀၀၈ ဖွဲ့စည်းပုံကို NLD အပြန်အလှန် ဆန်းစစ်နေ

၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး လေ့လာ ဆန်းစစ်ချက်တွေကို NLD ပါတီ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့က ပြန်လည် စိစစ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းက NLD ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ NLD ပါတီ ဗဟိုဥပဒေ အထောက် အကူပြု အဖွဲ့က အစည်းအဝေးမှာ တင်ပြ ဆွေးနွေးတာ ဖြစ်တယ်လို့ NlD ပါတီ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ကာ ကျနော်တို့ဘက်က အရင်လုပ်ထားတဲ့ အကြမ်းထည်တွေ ရှိတယ်။ အဲဒါတွေကို ကျနော်တို့ အချော ပြန်ကိုင်ပြီးတော့ ပြင်ဆင်တဲ့ဟာကို ကျနော်တို့ လုပ်ပါတယ်။ လိုတဲ့အခါ ပြန်သုံးရအောင် ပြည့်ပြည့်စုံစုံ လုပ်ထားတာပါ” လိုင်စင် အသိမ်းခံရတဲ့ ရှေ့နေများ အပါအဝင် အလုပ်လုပ်ကိုင်ခွင့် မရတဲ့ အနုပညာရှင်များနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို အချက်အလက်များ ဆက်လက် စုဆောင်းပြီးနောက် ဗဟို ဥပဒေပြု အဖွဲ့ အနေနဲ့ ဆက်လက် ဆောင်ရွက်ရန်လည်း ဆွေးနွေးပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တဝန်းမှာ ဖြစ်ပွားနေတဲ့ ဥပဒေဆိုင်ရာ မမှန်မကန် ဖြစ်မှုတွေနဲ့ ပတ်သက်ပြီး ရရှိထား အချက်အလက် တွေကို ဆွေးနွေး ကြတယ်လို့ သိရပါတယ်။ အလားတူ ဒီကနေ့ မနက်ပိုင်း ၁၀နာရီကနေ ညနေ ၄နာရီအထိ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကလည်း နိုင်ငံခြား သတင်းထောက်တွေနဲ့ ပြည်တွင်း သတင်းဂျာနယ်တွေကို တဖွဲ့ချင်း တွေ့ဆုံပြီး မေးမြန်းချက် တွေကို ဖြေကြားတယ်လို့ သိရပါတယ်။