အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခွဲ နှစ်ရုံး မန္တလေးမြို့မှာ ဖွင့်လှစ်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်အတွက် ရုံးသစ်တစ်ရုံးကို မနက်ဖြန် တနင်္ဂနွေနေ့မှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

အဲဒီနယ်မြေမှာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေတဲ့အတွက် NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးအုန်းကြိုင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်မှာ တင်ပြထားပါတယ်။ ရုံးခန်းသစ် ဖွင့်မယ့်ကိစ္စနဲ့ ပတ်သက်လို့ ဦးအုန်းကြိုင်က RFA ကို အခုလိုပြောပါတယ်။ NLD အနေနဲ့ မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းက လစ်လပ်နေတဲ့မဲဆန္ဒနယ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် အောင်နိုင်ရေးကော်မတီ ခေါင်းဆောင် ဦးဝင်းတင်နဲ့ ဦးအုံးကြိုင်တို့ မန္တလေးမြို့ကို သောကြာနေ့မနက်ကတည်းက ရောက်နေတာပါ။ ဒီကြားထဲမှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဦးဝင်းတင်က မန္တလေး နဲ့ စစ်ကိုင်းက NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။ ဦးဝင်းတင်တို့ရဲ့ ဒီခရီးစဉ်အတွင်းမှာ အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ဗထူး ဘောလုံးကွင်းကို မရရှိဘဲ နေရာ အခက်အခဲကြောင့် ခရီးစဉ် ရွှေ့ဆိုင်းထားရပါတယ်။